RCSS/SSA တပ်စခန်းအား SSPP/SSA နှင့် TNLA တို့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူရာကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မ‌တော် RCSS/SSA တပ်စခန်းများအား ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့ပူးပေါင်းပြီး ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း နှင့် ဒေသခံပြည်သူရာကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့ နံနက် ၆:၀၀ နာရီခန့်တွင် ကျောက်မဲခရိုင် သီပေါမြို့နယ်တွင်းရှိ RCSS/SSA တပ်စခန်းအား SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရသောကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်တွင် နေထိုင်ကြသော ဒေသခံပြည်သူစုစုပေါင်း ၃၀၀ ကျော် ဘေးကင်းရာဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒေသခံပြည်သူများမှာ သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စု ဆွန်လုံကျေးရွာ ၊ ချောင်းဆုံကျေးရွာ နှင့် ဟတ်လျန်ကျေးရွာတို့မှ ဒေသခံပြည်သူစုစုပေါင်း ၁၁၁ ဦး သည် သီပေါမြို့ရှိ အောင်မဂႅလာဘိုးတော် ဘုန်းတော်ကြီးကျောင်းတို့လည်းကောင်း ၊ ဖာလိုင်းကျေးရွာ နှင့် ပါခါးကျေးရွာမှ ဒေသခံပြည်သူစုစုပေါင်း ၂၂၀ ဦးလည်း ကွန်ခိုက်ကျေးရွာအုပ်စု နမ့်အွန်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

အလားတူစွာ ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့ နံနက် ၆:၀၀ နာရီခန့်တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာနှင့် အလှမ်းဝေးတောတွင်းရှိ RCSS/SSA တပ်စခန်းအား SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ညောင်မောင်းကျေးရွာတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံးကာ ဒေသခံပြည်သူ ၃ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။

ထို့အပြင် ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၆:၀၀ နာရီခန့်တွင် နမ္မတူမြို့နယ် နမ့်တော်ကုန်းကျေးရွာအုပ်စု နားငူး/နားဟန်းကျေးရွာအနီး တောတွင်းရှိ RCSS/SSA တပ်စခန်းအား SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် TNLA တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့အထိ TNLA တပ်ဖွဲ့တို့နှင့် တစ်ဖက်သက်အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာထားသည်ကို အခွင့်ကောင်းယူပြီး TNLA နှင့် SSPP/SSA တပ်ဖွဲ့တို့ ပူးပေါင်းပြီး RCSS/SSA တပ်စခန်းများအား အဆက်မပျက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

Taifreedom

Facebook

သတင်း