RCSS/SSAမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးအား သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ‌ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၄ ရက်နေ့ ည ၉ နာရီခန့်၌ ဒေသခံပြည်သူလူထု၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများမှ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲ စက်ရုံ ၊ ကောင်းလန်း ၊ ကုန်းညောင် နှင့် မမုံဟင် ကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးအား သက်သေခံများဖြစ်သည့် မူးယစ်ဆေးဝါးများ ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ငွေကြေးများ ၊ ဖုန်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးမှာ စိုင်းပီး အသက် ၄၀ နှစ် ၊ လုံးစိန်ဝင်း အသက် ၄၀ နှစ်  ၊ လုံးနလိင် အသက် ၄၂ နှစ် ၊ စိုင်းဝိ အသက် ၄၀ နှစ် ၊ စိုင်းဝင်း အသက် ၂၀ နှစ်  ၊ စိုင်းဝင်း အသက် ၂၁ နှစ်  နှင့် ပါယုန် အသက် ၅၆ နှစ်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၆၁၄ ပြား ၊ မူးယစ်‌ဆေးဝါးနှင့် ပတ်သက်‌ငွေ ၁၀ သိန်း နှင့် လက်ကိုင်ဖုန်း ၆ လုံးတို့အား သိမ်းဆီးရမိကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၁ ရက်နေ့တွင်လည်း RCSS/SSA နယ်မြေခံတပ်ရင်းထံ ပြည်သူလူထု၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စု နောင်ဝိုးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦးအား သက်သေခံ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၂၀၉၀၀ ပြား ၊ မူးယစ်ဆေးဝါးပတ်သက်ငွေ ၁၆ သိန်း ၅ သောင်း ၊ တူးမီးသေနတ်တို ၁ လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Taifreedom

Facebook

သတင်း