RCSS/SSAမှ ဖမ်းဆီးရမိသည့် SSPP တပ်ဖွဲ့ဝင် နှင့် TNLA တပ်ဖွဲ့ဝင်များ လွှတ်မြောက်ခွင့်ပေး

၂၀၂၁ ခုနှစ်အတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအကြား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသူများအား လွှတ်မြောက်ခွင့်ပေးခြင်းအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ပြုလုပ်ခဲ့ပြီး ထိန်းချုပ်ထားသော စစ်သုံးပန့်များဖြစ်သည့် SSPP တပ်သား (၁၃) ဦး၊ SSPPတပ်ဖွဲ့ သတင်းပေးသူ (၅) ဦး၊ SSPP တပ်ဖွဲ့ဝင် (၅) ဦး၊ TNLA တပ်ဖွဲ့ဝင် (၁) ဦး စုစုပေါင်း (၂၄) ဦး လွှတ်မြောက်ခွင့်ပေးခဲ့ခြင်းဖြစ်ပါသည်။­­­

အခမ်းအနားတွင် RCSS/SSA ဒုတိယ ဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး စိုင်းယီ မှ  ယခုလို လွှတ်မြောက်ခွင့်ပေးတာလည်း ဘာကတိမှပေးစရာမလိုပဲ ကိုယ်နေရပ်ကို လွှတ်လွှတ်လပ်လပ်ပြန်နိုင်ကြောင်း၊ နေရပ်ပြန်ဖို့ရန်အတွက်လည်း RCSSမှ တာဝန်ယူပြီး မိုင်းကိုင်မြို့နယ်အထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၊ ထိန်းချုပ်ထားရသည့် အကြောင်းအရင်းကလည်း တိုက်ပွဲကာလ အချိန်ဖြစ်သောကြောင့် ထိန်းချုပ်ထားရခြင်း ဖြစ်ကြောင်း  အမှာစကားပြောကြား ရှင်းပြခဲ့ပါသည်။

ထို့အပြင် အရင်ကဆိုလျှင် သျှမ်းပြည်တိုင်းရင်းသား အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုဟာ အလွန်နည်းပါးကြောင်း၊ ယခုလို တိုက်ပွဲဖြစ်ရသည့် အကြောင်းအရင်းမှာ ရန်သူတွေရဲ့ မြောက်ပိုင်းအဖွဲ့ ၊ တောင်ပိုင်းအဖွဲ့စသည့် ခွဲခြားအမုန်းစကားတွေကြောင့် သျှမ်းပြည် တိုင်းရင်းသား  အချင်းချင်း တိုက်ပွဲဖြစ်ပွားခြင်းသည် သျှမ်းပြည်တိုင်းရင်းသားအတွက် အရှုံးကြီးနှင့် ရင်ဆိုင်နေရကြောင်း၊ ပြည်သူတွေလည်း ဒုက္ခများစွာကြုံတွေ့ခဲ့ရကြောင်း နှင့် နောက်ဆုံးအနေဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အမှာစကားကို နိဂုံးချုပ်လိုက်ပါသည်။

RCSS/SSA မှ လွှတ်မြောက်ခွင့်ပေးသူများမှာ သီပေါမြို့နယ်တွင် နေထိုင်သော  စိုင်းကစ် (ၸၢႆးၵိုတ်း) အသက် ၂၅ နှစ်၊ စိုင်းလအောင် အသက် ၁၉ နှစ်၊ စိုင်းထွန်းလင်း အသက် ၂၃ နှစ်၊ စိုင်းစိုး အသက် ၂၈ နှစ်၊ စိုင်းထွန်း အသက် ၄၅ နှစ်၊ စိုင်းထို့ (ၸၢႆးထူဝ်ႉ) အသက် ၂၈ နှစ်၊ စိုင်းကြိုင်း (ၸၢႆးၵႅင်း )  အသက် ၃၅ နှစ်၊ (ၸၢႆးယွႆး) စိုင်းယွဲ အသက် ၄၅ နှစ်၊ စိုင်းတီ အသက် ၃၄ နှစ်၊ စိုင်းပီ အသက် ၄၅ နှစ်၊  စိုင်းပအောင် အသက် ၃၄ နှစ်၊ စိုင်းထွန်းကြာ အသက် ၄၃ နှစ် နှင့် (ၸၢႆးသေႃး) စိုင်းဆော အသက် ၃၈ နှစ် စုစုပေါင်း ၁၃ ဦး၊ မိုင်းရယ်မြို့နယ်တွင် နေထိုင်သော စိုင်းကြာနု အသက် ၃၄ နှစ်၊ စိုင်းယန်ဆောင်ပိန်း အသက် ၅၆ နှစ်၊ စိုင်းဟန် စုစုပေါင်း ၃ ဦး၊ ကျေးသီမြို့နယ်တွင် နေထိုင်သော စိုင်းကျော်ခေး အသက် ၁၈ နှစ်၊ စိုင်းလှရွှေ အသက် ၂၉ နှစ်၊ စိုင်းထွန်းလူ အသက် ၃၃ နှစ် နှင့် စိုင်းလူ အသက် ၃၆ နှစ် စုစုပေါင်း ၄ ဦး၊ လားရှိုးမြို့နယ်တွင် နေထိုင်သော စိုင်းလောဝ်အို (ၸၢႆးလၢဝ်ႇဢိူဝ်ႇ) အသက် ၃၇ နှစ်၊ နမ့်လန်မြို့နယ်တွင်နေထိုင်သော စိုင်းတာအောင် အသက် ၄၈ နှစ်၊ တန့်ယန်းမြို့နယ်တွင် နေထိုင်သော စိုင်းညွှန့် အသက် ၄၈ နှစ် နှင့် မိုင်းရှူးမြို့နယ်တွင် နေထိုင်သော စိုင်းမန် အသက် ၁၆ နှစ် စုစုပေါင်း ၂၄ ဦးတို့ဖြစ်ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS/SSA)သည် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသူများကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး နိုင်ငံတကာကျင့်သုံးသည့် စစ်သုံးပန်းများအပေါ် ပြုကျင့်ရမည့် ဝတ်တရားနှင့်အညီ လိုက်နာဆောင်ရွက်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ ကုသမှုများ၊ ကိုယ်ပိုင်းဆိုင်ရာ ကုသမှုများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Taifreedom