RCSS လွယ်ကော်ဝမ်းတပ်စခန်းကို အာဏာသိမ်းစစ်တပ် လက်နက်ကြီး (၄) လုံး ပစ်ခတ်

သျှမ်း-ထိုင်းနယ်စပ်ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA လွယ်ကော်ဝမ်းတပ်စခန်းကို အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့သည်။

ယနေ့ ၂၀၂၁ ခုနှစ် ဧပြီလ 19 ရက်နေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမတ-၂ တပ်ရင်း (၃၅၈) သည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းတစ်နေရာမှနေ၍ RCSS/SSA ၏ လွယ်ကော်ဝမ်းစခန်းဘက်သို့ ယနေ့ မွန်းလွှဲပိုင်း ၃:၃၈ အချိန်ခန့်တွင် လက်နက်ကြီးကျည် (၂) လုံး ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထိုပစ်ခတ်မှုကြောင့် လက်နက်ကြီး (၁) လုံးမှာ တပ်စခန်းအနီးရှိ စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် အားကျူး၏ ယာခင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်လက်နက်ကြီး (၁) လုံးကိုတော့ ပေါက်ကွဲနေရာ မသိရှိရသေးကြောင်း၊ မည်သည့်လက်နက် အမျိုးအစားဖြစ်သည်ကို RCSS/SSA တာဝန်ရှိသူများက စစ်ဆေးလျှက်ရှိကြောင်း လွယ်ကော်ဝမ်းတပ်စခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်း ၅:၄၅ အချိန်ခန့်တွင်လည်း အဆိုပါအာဏာသိမ်းစစ်တပ်က လွယ်ကော်ဝမ်းတပ်စခန်းကို ၁၂၀ မမ လက်နက်ကြီး (၂) လုံးဦးတည်ပစ်ခတ်ခဲ့ရာ တပ်စခန်းအနီးတစ်ဝှိုက်ရှိ ဟွေ့ပန်ကွိုင်းဒုက္ခသည်စခန်းဘက်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုက္ခသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း တစ်ပူပေါ်နှစ်ပူဆင့် ထပ်မံနေရာရွှေ့ပြောင်းနေရသည်။

လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီမှ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအားလုံးကို တိုက်ခိုက်မည်ဟု ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ နယ်ခြားကော်မတီထံ စာပေးပို့အသိပေးထားပြီးနောက် ယခုလို လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Taifreedom

Facebook

သတင်း