RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် (၇၄) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်တွင် ကျရောက်သည့် (၇၄) နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

(၇၄) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားအား ညနေ ၃:၀၀ နာရီတွင် စတင်ကျင်းပကာ ညနေ ၅:၀၀ နာရီအထိ ပြုလုပ်ကျင်းပခဲ့ပြီး  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ၊ ဌာနဆိုင်ရာအရာရှိများ ၊လွယ်တိုင်းလျဲန်းတွင် နေထိုင်သည့် မိဘပြည်သူများ ၊ ကျောင်းသားကျောင်းသူများ နှင့်  တပ်သားများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူခြင်း၊ NLD ထိပ်ပိုင်းခေါင်းဆောင်တချို့အား ထိန်းသိမ်းခြင်း စသည့် မြန်မာ့တပ်မတော်လုပ်ရပ်နှင့်ပတ်သက်၍ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ယခုအချိန်မှာ တပ်မတော်၏ အကျင့်ဟောင်းများ ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ပြီး မင်းအောင်လှိုင်မှ ရွေးကောက်ပွဲပြုလုပ်ကျင်းပချိန်တွင် မဲမသမာမှုများ၊ လိမ်လည်မဲများတွေ့ရသည်ကိုအကြောင်းပြပြီး ပြည်သူလူထုက ရွေးကောက်တင်မြောက်သည့် အရပ်သားအစိုးရထံ အာဏာသိမ်းယူခြင်းဖြစ်ကြောင်း၊ တပ်မတော်အာဏာသိမ်းယူခြင်းအကြောင်းရင်းမှာ (၁) ဖက်ဒရယ်ပြည်ထောင်စုစနစ် မလိုလားခြင်း၊ (၂) ပြည်သူလူထုများအပေါ် နှစ်ပေါင်းများစွာ လွှမ်းမိုးထားသည့် သြဇာအာဏာမဆုံးရှုံးစေလိုခြင်းဖြစ်ပြီး သြဇာအာဏာဆုံးရှုံးပါက တပ်မတော်က သိမ်းယူထားသည့် မြေကွက်များစသည်များကို ပြည်သူများမှ ပြန်လည်ရယူနိုင်ခြင်း၊ (၃) သဘာဝသယံဇာတကြွယ်ဝတဲ့ သျှမ်းပြည်သည် ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထွတ်မည်ကို ကြောက်ရွံ့ခြင်း စသည့်အချက်များကြောင့် တပ်မတော်မှ အာဏာသိမ်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “နိုင်ငံရေးအရှုပ်အခင်းဖြစ်ပွားနေချိန်မှာ ပြည်သူလူထုများ တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိပါက မည်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး၊ တချို့သော ကျွန်ုပ်တို့သျှမ်းတိုင်းရင်းသားတွေဟာ သည်းခံစိတ်မရှိကြဘူး၊ ဒုက္ခကြုံလာလို့ စိတ်ထင်တိုင်းမဖြစ်လာရင် ရန်သူတွေထံ လက်နက်ချ အရှုံးပေးကြတယ်။ တိုက်ပွဲဖြစ်လာလျှင်လည်း တိုက်ပွဲကြားမှာ ပြည်သူတွေသာ ဒုက္ခကြုံရတယ် ဒါတွေကြောင့် ကျွန်တော်ဦးဆောင်ပြီး တော်လှန်ရေးပြုလုပ်တာဟာ စစ်တိုက်စေချင်လို့မဟုတ်ဘူး ကျွန်တော်တို့တိုင်းပြည်အတွက် တိုက်ခိုက်နေရသာဖြစ်ကြောင်း၊ ပြည်သူလူထု၊ တပ်သားများသည် အတွေးအကြံ နှင့် ကြိုးစားအားထုတ်မှုရှိပြီး ကိုယ့်တာဝန်ကို ပြီးပြည့်စုံနိုင်အောင် ဆောင်ရွက်ရမယ်၊ အရည်အချင်းရှိရမယ်၊ အကျင့်စာရိတ္တကောင်းမွန်ရမယ်၊ အင်အားရှိရမယ် အင်အားရှိနိုင်ဖို့ရန်အတွက် စည်းလုံးညီညွတ်ကြရမယ်၊ ဝင်ငွေရှာတတ်ရမယ်၊ ခေတ်မီတဲ့ လက်နက်ခဲယမ်းများရှိရမယ်ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

(၇၄) နှစ်မြောက် သျှမ်းပြည်အမျိူသားနေ့ အထိမ်းအမှတ်အနေဖြင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ၊ ဌာနဆိုင်ရာအရာရှိများ အတူတကွမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့တစ်ဝှမ်းတွင် ပြန့်ပွားနေသည့် COVID-19 ကပ်ရောဂါအခြေအနေတွေကြောင့်  (၇၄) နှစ်မြောက် သျှမ်းပြည်အမျိူသားနေ့အား နှစ်တိုင်းလိုလို ခမ်းခမ်းနားနားပြုလုပ်ကျင်းပနိုင်ခြင်းမရှိသော်လည်း အလှူဒါန ပြုလုပ်လှူဒါန်းခြင်း၊ ဟောပြောခြင်းနှင့် ညစာစားပွဲတည်ခင်း ဧည့်ခံခြင်းတို့အား မိမိတို့ အုပ်ချုပ်ရေးနယ်မြေဒေသအသီးသီးတွင် ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ပြုလုပ်သွားခဲ့ပါသည်။

Taifreedom

Facebook

သတင်း