RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် နှီးဘုရား စတင်ရက်လုပ်ပူဇော်

ဗုဒ္ဓသာသနာ ကြာရှည်တည်တံ့ခိုင်မြဲရန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည့်ရည်ရွယ်ချက်ဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် နှီးဘုရားစတင် ရက်လုပ်ပူဇော်ပွဲ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်း ၈ နာရီခွဲ RCSS ဗဟိုဌာနချုပ်ရှိ လျဲန်းဟန်တိုင်းဘုန်းတော်ကြီးကျောင်းတွင် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ရပ်မိရပ်ဖများ ၊ အရာရှိများ နှင့် တပ်သားများ နေရာယူပြီးနောက် နံနက် ၉ နာရီတွင် သံဃာတော် ၉ ပါး ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း နှင့် ဒုတိယ ဗိုလ်မှူးကြီး ခေးလောဝ် တို့အား ပင့်ဖိတ်နေရာယူပြီးနောက် သျှမ်းတိုင်းရင်းသားတို့၏ ထုံးတန်းစဥ်လာအရ နှီးဘုရားရက်လုပ်ပူဇော်မည့် ရွှေနှီး ၊ ငွေနှီးအား ဘုန်းတော်ကြီးကျောင်းဓမ္မရုံ ၃ ပတ် လည့်ပတ်ပူဇော်ခဲ့ပါသည်။

ထို့နောက် ရတနာသုံးပါးပူဇော်ခြင်း ၊ သီလ ၅ ပါးဆောက်တည်ခံယူခြင်း ၊ နှီးဘုရားရက်လုပ်ပူဇော်မည့် ရွှေနှီး ၊ ငွေနှီးအား ကပ်လှူပူဇော်ခြင်း ၊ ရေစက်ချအမျှဝေခြင်း စသည့် ကောင်မှုကုသိုလ်များ ပြုလုပ်ပြီး ဓမ္မစကြာအဖွဲ့မှ ဓမ္မစကြာတရားတော်ရွတ်ဖတ်ပူဇော်ကာ တပြိုင်နက် သံဃာတော်များမှ ဒကာ၊ဒကာမများမှ ကပ်လှူပူဇော် ထားသည့် ရွှေနှီး ၊ ငွေနှီးအား နှီးဘုရားအဖြစ်သို့ စတင်ရက်လုပ်ပူဇော်ခဲ့ကြောင်း သိရှိရသည်။

RCSS ဗဟိုဌာနချုပ်ရှိ လျဲန်းဟန်တိုင်း ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဦးဥတ္တမမှ နှီးဘုရားသည် သျှမ်းပြည်အရှေ့ပိုင်း  ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်  မိုင်းနှုံးကျေးရွာအုပ်စု ပါကန်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကောဇာသက္ကရာဇ်  ၇၀၀ ခုနှစ်ခန့်တွင် ပထမဦးဆုံး စတင်ရက်လုပ်ပူဇော်ခဲ့ကြောင်း နှီးဘုရားရက်လုပ်ပူဇော်ခြင်းအကြောင်းအရင်းမှာ သိကြားမင်းမှ အရှင်နန္ဒထေရအား ဗုဒ္ဓရုပ်ပွားတော်သည် များသောအားဖြင့် သတ္တုအမျိုးမျိုး ၊ အထည်အမျိုးမျိုးဖြင့် ပြုလုပ်ထားပြီး နှီးဖြင့် ရက်လုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်မှာ မရှိသေးပေ ဟု အိမ်မက်ပေးတော်မူအရ အရှင်နန္ဒထေရမှ ဘုရားဒကာ လုံးခမ်းရှဲန် နှင့် လုံးသမာဓိ တို့အားခေါ်ယူ၍ အပျိုစင်မောင်နှံများအား နှီးဘုရားရက်လုပ်ပူဇော်ရန်အတွက် နှီးများ ရှာဖွေပြီး ကောဇာသက္ကရာဇ်  ၇၀၀ ခုနှစ်ဝါခေါင်လဆန်း ၈ ရက်နေ့တွင် စတင်ရက်လုပ်ပူဇော်ခဲ့သည်ဟု နှီးဘုရားဖြစ်ပေါ်လာခြင်း၏ သမိုင်းအား မိန့်ကြားပြောပြခဲ့ပါသည်။

RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် နှီးဘုရားရက်လုပ်ပူဇော်သည့် ရည်ရွယ်ချက်မှာ လွယ်တိုင်းလျဲန်းတွင် နေထိုင်ကြသည့် ရပ်မိရပ်ဖများ နှင့် RCSS အဖွဲ့ဝင်များ ပူဇော်နိုင်ခြင်း ၊ လွယ်တိုင်းလျဲန်းသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များ ဖူးမျော်နိုင်ခြင်း ၊ ထုံးတန်းစဥ်လာ သျှမ်းတိုင်းရင်းသား၏ ယဥ်ကျေးမှု လက်မှုပညာ ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ဗုဒ္ဓသာသနာ ကြာရှည်တည်တံ့ခိုင်မြဲရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် ရည်ရွယ်ချက်များ ဖြင့် နှီးဘုရားရက်လုပ်ပူဇော်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း