RCSS နှင့် တပ်မတော်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

သျှမ်းပြည်ပြန်လည်ထူ‌ထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ညှိနှိုင်းရေးအဖွဲ့ နှင့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့ တို့ နေပြည်တော်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအား  ယနေ့ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ နေပြည်တော်တိုင်းစစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာ တွင်ပြုလုပ်ခဲ့ပြီး RCSS/SSA ညှိနှိုင်းရေးအဖွဲ့မှ ဗိုလ်ချုပ် ဘောင်းခေးဦးဆောင်သည့် ဗိုလ်မှူးကြီး စိုင်းငင်း ၊ ဗိုလ်မှူးကြီး ဆောင်းဟန် ၊ဒုတိယ ဗိုလ်မှူးကြီး ဒေဝိန် ၊ဒုတိယ ဗိုလ်မှူးကြီး ဆိုင်လောဝ် ၊ဗိုလ်မှူး စိဏ်းသျှဲန်မိုင် ၊ ဗိုလ်မှူး နန်းမိုး ၊ ဗိုလ်မှူး နန်းစံဖောင်း (၈) ဦး နှင့် တပ်မတော် ညှိနှိုင်းရေးအဖွဲ့မှ  ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့် ဗိုလ်မှူးကြီး မင်းဟိန်း  (၅) ဦး တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် RCSS/SSA ညှိနှိုင်းရေးအဖွဲ့ နှင့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့ တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ၊ JMC ဆိုင်ရာလုပ်ငန်းများ ၊ လူထုအတွက် ဒေသဖွံဖြိုးရေးလုပ်ငန်းများ နှင့် ကိုလိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေးခြင်း စသည့် အချက် ၅ ချက်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နှင့် တပ်မတော် ကိုယ်စားလှယ်များ နေပြည်တော်စစ်တိုင်းဌာနချုပ် ပေါင်းလောင်းရိပ်သာ အစည်းအဝေးခန်းမ၌ ပြန်လည်နေရာချထားရေး ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ (JMC) ဆိုင်ရာကိစ္စ ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Taifreedom

Facebook

သတင်း