RCSS၏ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်စဥ်များအား လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင်တို့ တားမြစ်ပိတ်ပင်

ယနေ့ နံနက်ပိုင်းအချိန်၌ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် RCSS ကျန်းမာရေးဝန်ထမ်းများမှ ဒေသခံပြည်သူများအား COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်နေစဥ် လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့မှ လာရောက်တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ  ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နားခန်ကျေးရွာမှ ကျိုင်းတောင်းမြို့သို့ သွားရာလမ်းတစ်နေရာတွင် လမ်းသွားလမ်းလာ ပြည်သူလူထုများအား COVID-19 သံသယလူနာရှိမရှိစစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်း စသည့် COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်နေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများထံသို့ လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လုံးနန္ဒာ  ၊ လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးဝန်ထမ်း စိုင်းကောင်ခေး နှင့် အစိုးရရဲတပ်ဖွဲ့ဝင် ၂ ဦးတို့သည် ကားတစ်စီးဖြင့် လာရောက်၍ ၎င်းတို့ထံ ခွင့်ပြုချက်မရရှိပါက  COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

၎င်းတို့မှ မည်သည့်အဖွဲ့အစည်းက မည်သူ့အမိန့်ဖြင့် ဘာအတွက်ကြောင့်လာရောက် စောင့်နေကြောင်း မေးမြန်းရာ RCSS ကျန်းမာရေးဝန်ထမ်းမှလည်း မိမိတို့သည် RCSS တပ်ဖွဲ့များဖြစ်ကြောင်း နှင့် လမ်းသွားလမ်းလာပြည်သူများအတွက် COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားပြီးနောက် ၎င်းတို့မှ ဆက်လက်၍ ၎င်းတို့ထံ အမိန့်မရရှိပါက ဤနေရာသို့ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ခြင်းမပြုရန်နှင့် ပြန်လည်ဆုတ်ခွာပေးရန် ပြောဆိုခြိမ်းခြောက်ခဲ့ရာ RCSS ကျန်းမာရေးဝန်ထမ်းများမှလည်း ထို့နေရာမှ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်တပ်ဖွဲ့မှ RCSS ၏ ကျန်းမားရေးဝန်ထမ်းများ ဒေသခံပြည်သူများအား  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ သံသယလူနာရှိမရှိစစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်းစသည့် လုပ်ငန်းစဥ်များ ဆောင်ရွက်မှုအား တားမြစ်ပိတ်ပင်ခဲ့သည့်အပြင် RCSS ကျန်းမာရေးဝန်ထမ်းများမှ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ လာရောက်ဆောင်ရွက်ပါက ဒေသခံ ရွာသားများအား ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့သည်။

Taifreedom

Facebook

သတင်း