ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ ၁၀ ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအား Online Video Conferencing ဖြင့် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးတွင် PPST ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်အဖွဲ့များ ၊ NCA-S EAO ရုံးဝန်ထမ်းများ Online Video Conferencing မှ တဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေး၏ အစီအစဥ်အရ အဖွင့်မိန့်ခွန်းအဖြစ် PPST ယာယီခေါင်းဆောင် / သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှတစ်စုတစ်ဖွဲ့အရေး ၊ လူမျိုးတစ်မျိုးအရေးထက် အားလုံးအရေး ပြည်ထောင်စုအရေးကို ဦးထိပ်ထားပြီး ငြိမ်းချမ်းရေးလုပ်ငန်စဥ်များကို တစိုက်မတ်မတ် ဆောင်ရွက်သွားကြမည်ဆိုလျှင် မိမိတို့အားလုံး လိုလားတောင့်တသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်မည်ဖြစ်ကြောင်း ၊ လျာထားတဲ့အချိန်ကာလအတိုင်း ညီလာခံကျင်းပနိုင်ရေး နဲ့ ရလဒ်ကောင်းထွက်ရှိတဲ့ ညီလာခံ ဖြစ်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း နှင့် ယနေ့ အစည်းအဝေးမှာ အားလုံးအတွင် မျှမျှတတဖြစ်စေသည့် ရလဒ်ပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆွေးနွေးကြပါဟု အမှာစကားတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့အပြင် အစိုးရနှင့် မိမိတို့ NCA-S EAO ညှိနှိုင်းဆွေးနွေးပွဲ ၅ ကြိမ်မှ ရရှိလာသည့် ရလဒ်များ ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပရေးဆိုင်ရာလုပ်ငန်းများနှင့် ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်စဥ်များ စသည့် ကိစ္စရပ်များအား အဓိကထား၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်တွင်းပြောကြားခဲ့ပါသည်။
NCA-S EAO ၏ (၉) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂ ရက်နေ့မှ မနက်ဖြန် ၂၀၂၀ ခုနှစ် မတ်လ ၃ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲပါသည်။
တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ NCA-S EAO အဖွဲ့ဝင် ၁၀ ဖွဲ့မှာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်ကြပါသည်။
Taifreedom