NCA-S EAO (၇) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) (၇) ဖွဲ့ နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကောမတီ (NSPNC)တို့​ယနေ့ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် အလွတ်သဘော အစည်းအ‌‌‌ဝေးတစ်ရပ် စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးသို့ NCA-S EAO မှ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း(RCSS)၊ ဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် စောမြရာဇာလင်း(ALP)၊ နိုင်အောင်မငေး (NMSP)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး (DKBA)၊ ဗိုလ်မှူးကြီး စောကျော်ညွန့် (KNU/KNLA-PC)၊ ကျာဖူး (LDU)၊ ဗိုလ်မှူး ခွန်မင်းသိန်း(PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကောမတီ (NSPNC) မှ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သော ကိုယ်စားလှယ် (၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင်  NCA-S EAO (၇) ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဖက်ဒရယ်အခြေခံမူများ စသည့်အကြောင်းအရာများကို ပထမနေ့တွင် တွေ့ဆုံဆွေးနွေးသွားခဲ့ပြီး ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ်လ ၂၉ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom