NCA-S EAO (၇) ဖွဲ့ နှင့် NSPNC တို့ တွေ့ဆုံဆွေးနွေးတဲ့ အလွတ်သဘော အစည်းအ‌ဝေးပြီးစီး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) (၇) ဖွဲ့ နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကောမတီ (NSPNC)တို့  ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် အလွတ် သဘောအစည်းအ‌‌‌ဝေးတစ်ရပ် ပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးသို့ NCA-S EAO မှ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း(RCSS) ဦးဆောင်သော ကိုယ်စားလှယ် စုစုပေါင်း (၁၂) ဦး နှင့် NSPNC မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သော ကိုယ်စားလှယ် (၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင်  NCA-S EAO (၇) ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စ၊ ဖက်ဒရယ်အခြေခံမူများကိစ္စ၊ အရပ်သားများ ကာကွယ်ပေး ရေးဆိုင်ရာကိစ္စ၊ နှစ်ဖက်ဘုံသဘောတူညီချက်များ ရရှိနိုင်ရေးကိစ္စ၊ ဒေသတည်ငြိမ်ရေး ကိစ္စ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှ အခြေခံကျသော ပုဒ်မကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များ စသည့် ကိစ္စရပ်များကို နှစ်ဖက်အပြန်ပလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) (၇) ဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်ပါသည်။

Taifreedom

Facebook

သတင်း