NCA (၆) နှစ်မြောက်အထိမ်းအမှတ်တွေ့ဆုံပွဲသို့ RCSS ကိုယ်စားလှယ်များတက်ရောက်

ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၆) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ထိုတွေ့ဆုံပွဲသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖြစ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းကောင်း ဦးဆောင်သည့် ဗိုလ်မှူး နန်းစံဖောင်း၊ ဗိုလ်မှူး နန်းမိုးမိုးစော နှင့် ရုံးအထောက်အကူပြု နန်းဆိုင်လိန်ဟန်တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

RCSS ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းကောင်းက အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့သည်။

(၆)နှစ်မြောက် NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အထိမ်းအမှတ် တွေ့ဆုံပွဲတွင် ပြောကြားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းကောင်း၏ အထိမ်းအမှတ်စကား

NLD အစိုးရလက်ထက် (၅)နှစ်တာကာလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ (၄) ကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ချုပ်ဆိုနိုင်ခဲ့ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူ အချို့ကို ချမှတ်ပေးနိုင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ခြင်း လုပ်ငန်းစဉ်တွေကို အပြည့်အဝ အကောင်အထည် မဖော်ဆောင်နိုင်ခဲ့ပေမယ့် နှစ်ဖက်အပြန်အလှန် ညှိနှိုင်းပြီး လုပ်လို့ရသမျှကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် အတွင်းမှာ အရှိန်ရနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တုံ့နှေးစေခဲ့သည့်အပြင် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ တပ်မတော်က  တိုင်းပြည်အာဏာကို သိမ်းယူလိုက်ပြီး  အစိုးရ၊ လွှတ်တော်တို့ကို ဖျက်သိမ်းလိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်ဆိုင်းသွားခဲ့ရကြောင်း မိန့်ခွန်းစကားပြောကြားခဲ့သည်။

၁၉၄၇ ပင်လုံစာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်ခဲ့လို့ နှစ်ပေါင်း (၇၀)ကျော်ကြာ ပြည်တွင်းစစ်ဖြစ်ပွားပြီး တိုင်းပြည်လည်း ဖွံဖြိုးတိုးတက်သင့်သလောက် မဖွံ့ဖြိုးမတိုးတက် နိုင်ခဲ့တာတွေကို သင်ခန်းစာတွေယူပြီး တိုင်းပြည် အနာဂါတ်နဲ့ ပြည်သူလူထု ကောင်းကျိုးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ နိုင်ငံရေးပြဿနာများ ဖြေရှင်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါရန်လိုအပ်ကြောင်း  တိုက်တွန်းထားသည်။

NCA (၆) နှစ်မြောက်အထိမ်းအမှတ်တွေ့ဆုံပွဲသို့ RCSS ကိုယ်စားလှယ်များတက်ရောက်

နှစ်ပတ်လည်အထိမ်းအမှတ်တွေ့ဆုံပွဲကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့အနက် (၈) ဖွဲ့တက်ရောက်ခဲ့ကြပြီး အချို့အဖွဲ့အစည်းကလည်း အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

NCA (၆) နှစ်မြောက်အထိမ်းအမှတ်တွေ့ဆုံပွဲသို့ RCSS ကိုယ်စားလှယ်များတက်ရောက်

Taifreedom

Facebook

သတင်း