NCA စာချုပ် (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားကို နေပြည်တော်တွင်ပြုလုပ်ကျင်းပ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲအခမ်းအနားသို့  NCA-S EAO ကိုယ်စားလှယ်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ခေါင်းဆောင်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တာဝန်ရှိပုဂ္ဂိုလ်များတို့ စုံစုံညီညီတက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားတပ်ဦး (CNF) နှင့်  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

အခမ်းအနားတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဆောင်းဟန်မှ “NCA စာချုပ်နဲ့အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံကို (၄)ကြိမ် ကျင်းပ နိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂)၊ (၃)တို့ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ တဖက်မှာလည်း အရပ်သားကာကွယ်ရေးကိစ္စတွေ၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုတွေကို  တတ်နိုင်သမျှ ဖန်တီးပေးနိုင်ခဲ့ပြီး ပြည်သူလူထုတို့ရဲ့ လူမှုစီးပွားကိစ္စအဝဝတွေကို လက်လှမ်းမီသလောက် မိမိတို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ NCA စာချုပ် အကောင်အထည်ဖော်ခဲ့တဲ့ (၅)နှစ်တာကာလအတွင်းမှာ မိမိတို့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ စားဝတ်နေရး၊ တရားဉပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအပါအဝင် ကိစ္စတော်တော်များများကို  ထိုက်သင့်သလောက် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ သို့သော် ၂၀၂၁ခုနှစ်မှာ နိုင်ငံရေး အကျပ်အတည်းကြောင့် NCA စာချုပ် အကောင်အထည်ဖော်ခြင်း လုပ်ငန်းတွေဟာ ရပ်တန့်သွားခဲ့ပါတယ်။ NCAအရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ဆက်လက်ကျင်းပဖို့ဟာလည်း ပါဝင်တဲ့ အစုအဖွဲ့တွေ့ မရှိတော့လို့ မဖြစ်နိုင်တော့တဲ့ အခြေအနဆီ တွန်းပို့ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် မိမိတို့မှာ နှမျောခြင်းတွေ၊ စိတ်မကောင်းခြင်းတွေ ဖြစ်ခဲ့ပါတယ်။” ဟု အမှတ်တရ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့အပြင် “NCA လက်မှတ်ရေးထိုးပြီး (၇)နှစ်တာကာလမှာ မိမိတို့အားလုံးအတွက် သင်ခန်းစာတွေ အများကြီး ရရှိပါတယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲတွေမှာ သူ့မူကိုယ်မူ့ အသေစွဲကိုင်ခြင်း၊ ဆွေးနွေးဖော်ဆွေးနွေးဖက် အပေါ် လေးစားမှု မရှိခြင်း၊ အပေါ်စီးမှ အတင်းအကြပ် မဖြစ်နေ ဖိအားပေး သဘောတူစေခြင်း၊ ဆွေးနွေးပွဲ အခင်းအကျင်းက တဖက်ဆွေးနွေးဖော်အတွက် အဆင်မပြေခြင်း၊ ဆွေးနွေးတဲ့နေရာကို တဖက်သတ် သတ်မှတ်ခြင်း စတာတွေဟာ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်ခဲ့တယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ နောင်ဆွေးနွေးညှိနှိုင်းပွဲတွေမှာ နှစ်ဦးနှစ်ဖက်အတွက် လူးသာလွန့်သာ ဖြစ်စေတဲ့၊ မျှမျှတတဖြစ်စေတဲ့ ဆွေးနွေးပွဲ အခင်းအကျင်းမျိုးကို မဖြစ်မနေညှိနှိုင်း ပူးတွဲ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး နှစ်ဖက်ကြား ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ခြင်းကို ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ နှစ်ဦးနှစ်ဖက်အတွက် Win Win Solutionကို ရရှိစေပြီး မိမိတို့အားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

မိမိတို့တိုင်းပြည်ဟာလည်း ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ NCA လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ကစလို့ ပြည်သူလူထုအကျိုး၊ တိုင်းပြည်အကျိုး တို့ကို ဦးထိပ်ထားပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် အားလုံး ဆထက်ထမ်းပိုး ဝိုင်းဝန်း ကြိုးပမ်း ပူးပေါင်း ဆောင်ရွက်သွားကြပါဟု တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။” ဟု အမှာစကားတွင် ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)တို့ အချိန် (၁၈)လကျော်ကြာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ပြီးမှ NCA စာချုပ်ကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် (၉)ဦး၊ EAO (၈)ဖွဲ့ ဖြစ်ကြတဲ့ ABSDF, ALP, CNF, DKBA, KNU/KNLA-PC, KNU, PNLO, RCSS တို့ရဲ့ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ နိုင်ငံတကာ သက်သေများအဖြစ် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ်မှာ NMSP နှင့်  LDU တို့က ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။

Taifreedom

Facebook

သတင်း