NCA စာချုပ်မှာပါတဲ့အတိုင်း လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့တဲ့ (၇) နှစ်ကျော် အချိန်ကာလကို နှမြောမိကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြား

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ(ပထမနေ့)ကို ယနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဗဟိုဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အဖွင့်မိန့်ခွန်းအဖြစ်  RCSS ဉက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က

“ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြတဲ့ နှစ်ဖက် ကိုယ်စားလှယ်များ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။

မိမိတို့ဟာ NCAစာချုပ်ကို လက်မှတ်ရေးခဲ့တာ (၇)နှစ်ကျော်ကြာခဲ့ပေမယ့်  နိုင်ငံရေးအရ တိုးတက် ဖြစ်ထွန်းမှုမရှိရုံသာမက NCA စာချုပ်မှာပါတဲ့အတိုင်း လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ ခြင်းက ပြီးခဲ့တဲ့(၇)နှစ်ကျော် အချိန်ကာလကို နှမြောခြင်းများစွာ ဖြစ်မိပါတယ်။

အနာဂတ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မယ်ဆိုရင် အတိတ်ကာလက အမှားတွေကို သင်ခန်းစာယူပြီး အမှန်သို့ရောက်အောင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ လွတ်လပ်ရေး ရယူခဲ့တာ နှစ်ပေါင်း (၇၅) တင်းတင်းပြည့်ပေမယ့် မိမိတို့ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲ၊ အစိုးရ အဆက်ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ပေမယ့် မခိုင်မြဲ၊ မတည်တံ့၊ မအောင်မြင်တာ ဘာကြောင့်လဲ၊ ဒါတွေကို သေသေချာချာ ပြန်လည်သုံးသပ်ပြီး သဘာဝအရှိ တရားနဲ့ ၁၉၄၇ ပင်လုံစာချုပ်နဲ့အညီ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်မှသာ အားလုံး လိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆိုတဲ့ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါ တယ်။

ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံးနဲ့ အဖွဲ့အစည်းအားလုံး တို့ရဲ့ လိုလားချက်ဟာ အမျိုးသားတန်းတူရေးရှိတဲ့  ဖက်ဒရယ် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ပဲ ဖြစ် ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ တဖက်နဲ့တဖက် အပြန်အလှန် လေးစားမှုရှိရေး၊ တ ဖက်နဲ့တဖက် အသာစီး အပေါ်စီး ရယူမှုမရှိရေး၊ အားလုံးအတွက် Win Win Solution ဖြစ်ရေး၊ အား လုံးနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး၊ လိုအပ်သလို တဖက်နဲ့တဖက် အလျှော့အတင်း ပြုလုပ် ဆောင်ရွက်ပေးနိုင်ရေး တို့ကို ပြုလုပ်နိုင်မှသာ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိပြီး အားလုံး လိုလားတောင့်တတဲ့ ဖက်ဒရယ ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။” ဟု မိန့်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့နှင့် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom