MNDAA ဥက္ကဟောင်း ဖုန်ကြားရှင် ကွယ်လွန်သွားခြင်းနှင့် ပတ်သက်၍ RCSS/SSA မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဥက္ကဟောင်း ဖုန်ကြားရှင် ကွယ်လွန်သွားခြင်းနှင့် ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ MNDAA တပ်ဖွဲ့ဝင်များ၊ ဥက္ကဟောင်း၏ မိသားစုများနှင့် ထပ်တူညီမျှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

RCSSမှ ပေးပို့သည့် သဝဏ်လွှာတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)  (သို့) ကိုးကန့်တပ်ဖွဲ့ကို တည်ထောင်သူဖြစ်သည့် ဥက္ကဟောင်း ဖုန်ကြားရှင်သည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် RCSS/SSA တပ်ဖွဲ့အနေဖြင့် ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များ၊ ဥက္ကဟောင်း၏ မိသားစုများနှင့်ထပ်တူဝမ်းနည်းကြောင်း၊ ဥက္ကဟောင်း ကွယ်လွန်သွားခြင်းသည် ကိုးကန့်တပ်ဖွဲ့နှင့် ကိုးကန့်အမျိုးသားများအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု စသည့်အချက်များပါရှိသည့် သဝဏ်လွှာအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ဖုန်ကြားရှင်သည် ကိုးကန့်တပ်ဖွဲ့အား ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကိုးကန့်အမျိုး သားရေးအတွက် တစိုက်စိုက်တမတ်မတ် ဦးစီးလုပ်ဆောင်လာခြင်းဖြစ်၍ ၎င်း၏ ဦးဆောင်မှုသည် ကိုးကန့်အမျိုးသားများအတွက် ကြီးမြတ်သော ဆောင်ရွက်ချက်များဖြစ်ကြောင်း၊ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် RCSSသည် MNDAA တို့နှင့် တတ်နိုင်သမျှ လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကွယ်လွန်သွားသည့် ဖုန်ကြားရှင်အား ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းပေးခြင်းအား RCSS ဝမ်းနည်းသဝဏ်လွှာတွင် ရေးသားဖေါ်ပြထားပါသည်။

အသက် (၉၄) နှစ် ရှိပြီဖြစ်သည့် MNDAA တည်ထောင်သူ ဥက္ကဟောင်း ဖုန်ကြားရှင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ရီလ ၁၆ ရက်နေ့ နံနက် (၀၅:၄၀) နာရီတွင် လူကြီးရောဂါဖြင့် သျှမ်းပြည်မြောက်ပိုင်းရှိ MNDAA ဗဟိုဌာနချုပ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

Taifreedom