JICM အစည်းအဝေးတစ်ရက်အလို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးကျင်းပ

အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့သည် JICM အစည်းအဝေးမကျင်းပမီ တစ်ရက်အလို ယနေ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကျင်းပကာ ဆုံးအတည်ပြုချက်များ ရယူပြီး JICM အစည်းအဝေးတွင် အစိုးရ ၊ တပ်မတော်တို့နှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ အစည်းအဝေးအဖွင့်အမှာစကား ပြောကြားရာတွင် – JICM အစည်းအဝေးအတွက် မိမိတို့ EAO ဘက်မှ ထောင့်စေ့အောင် ပြင်ဆင်ထားဖို့လိုအပ်သလို လက်ရှိနိုင်ငံရေး ၊ ငြိမ်းချမ်းရေး ၊ စစ်ရေး အခြေအနေအရ JICM အစည်းအဝေးရဲ့ ရလဒ်ကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်တစား စောင့်မျှော်နားစွင့်နေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ကောင်းမွန်တဲ့ ရလဒ် ရရှိအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆွေးနွေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

JICM အစည်းအဝေးတစ်ရက်အလို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးကျင်းပ
Photo- NCA-S-EAO Facebook

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အစည်း အဝေး (JICM) အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့် တရားဝင်ပြန်လည်စတင်နိုင်ဖို့ အရေးပါသည့် အစည်းအဝေးဖြစ်သည့်အတွက် နှစ်ဖက်လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက် နှင့် လုပ်ငန်းစဉ်များ ချက်မှတ်နိုင်ရန် အားလုံးတွင် တာဝန်ရှိကြောင်း မိန့်ခွန်းစကားတွင် ပါဝင်သည်။

JICM အစည်းအဝေးဖြစ်မြောက်ရေးအတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးတစ်ရပ်ကျင်းပကာ JICM အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်မှ ဆွေးနွေးမည့်အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြ သည်။

JICM အစည်းအဝေးတစ်ရက်အလို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးကျင်းပ
Photo- NCA-S-EAO Facebook

အဆိုပါ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ JICM အစည်းအဝေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးမှ တင်ပြချက်များကို ယနေ့ PPST အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

JICM  အစည်းအဝေးသည် NCA စာချုပ်လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးဖြစ်ပြီး UPDJC, JMC အဆင့်ဆင့်တို့တွင် မဆုံးဖြတ်နိုင်ဘဲ တစ်ဆို့နေသည့် အရေးကိစ္စများကို ဖြေရှင်းပေးရမည့် အစည်းအဝေးဖြစ်သည်။

JICM အစည်းအဝေးသို့ အစိုးရ ဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော်ဘက်မှ စစ်ဦးစီးချုပ် နှင့်  အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြသည့် အစည်းအဝေးဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း