JICM အကြိုညှိနှိုင်းအစည်းအဝေးအား အောင်မြင်စွာကျင်းပနိုင်ခဲ့

၂၀၂၀ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၃ ရက်တိတိ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံးတွင် ပြုလုပ်ကျင်းပသည့် JICM အကြိုညှိနှိုင်းအစည်းအဝေးအား ရလဒ်ကောင်းများဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အစည်းအဝေးအား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ညှိနှိုင်းရေးအဖွဲ့မှ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၊ ရဲဘော် မျိုး၀င်း၊ ရဲဘော် လှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး စောစိန်၀င်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်းနှင့် ဒေါက်တာ စိုင်းဦး ၊ နည်းပညာအကြံပေးအဖြစ် ဂျာနန်လထော် နှင့် ဒေါက်တာ စောသန့်ဇင်တို့တက်ရောက်ခဲ့ပြီး အစိုးရကိုယ်စားလှယ်အဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကာ တပ်မတော်ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းတို့လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

credit photo to NCA-S EAO

အစည်းအဝေးတွင် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းမှ (၉) ကြိမ်မြောက် JICM အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး၏ အနှစ်သာရပြည့်ဝပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒီသုံးရက်တာ JICM အကြိုညှိနှိုင်းအစည်းအဝေးမှာ ရလဒ်ကောင်းများရရှိလာအောင် စွမ်းဆောင်‌ပေးကြသော နှစ်ဖက်ခေါင်း‌များအား အထူးကျေးဇူးတင်ကြောင်းနှင့် COVID-19 အရှိန်အဟုန်ပြင်းပြင်း ပျံနှံ့နေဆဲဖြစ်ပြီး ထိန်းချုပ်နိုင်ဖို့ရန် နည်းလမ်းရှာဖွေနေတုန်းဖြစ်လို့ အားလုံးက ကျန်းမားရေးလမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးအသိ ၊ ကျန်းမာရေးသတိများဖြစ် သွားလာကြပါရန် နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲပါသည်။

JICM အကြိုအစည်းအဝေးမှ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် အဓိကပါဝင်မည့် အပိုင်း (၃) ပိုင်း ဖြစ်သည့်  NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅) ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့်  အဆင့်လိုက် အကောင်အထည်ဖော်မှု၏ ခေါင်းစဉ်ကြီး (၈) ခု နှင့် ဆက်လက်ညှိနှိုင်းရမည့်  နှစ်ဖက်အဆိုအပြု ခေါင်းစဉ်ခွဲများ၊ အပိုင်း (၃) ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် (၅) ချက် စသည့်အချက်များအား သဘောတူညီချက်ရရှိနိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင်  (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအ၀ေး (JICM) အား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (၁) (MICC-1) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း