အဖွဲ့အစည်းအားလုံး ပါဝင်ကြိုးပမ်းဆောင်ရွက်မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြား

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော RCSS/SSA ကိုယ်စားလှယ်ကြီးများနှင့် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ စုံစုံညီညီတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီး ယွက်စစ် က “မနေ့က ကျင်းပပြုလုပ်တဲ့ မိမိတို့နဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖက်ဒရယ် နဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ လက်ရှိနိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းရေး၊ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ပြည်သူလူထုတို့၏ လူမှုစီးပွားအဆင့်အတန်း မြှင့်တင်ပေးရေး၊ လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားသစ်လောင်းပေးလိုက်တာဖြစ်တယ်” ဟု ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ၏ အဖွင့်နှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လွယ်ကူတဲ့လုပ်ငန်းစဉ်မဟုတ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့်အတူ စိတ်ရှည်ရှည်ထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ယုံကြည်မှုအားနည်းလျင် စည်းလုံးမှုမရနိုင်သလို စည်းလုံးမှုမရှိလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း အောင်မြင်မှာမဟုတ်ပါဘူး၊ အဖွဲ့အစည်းအားလုံးက ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းက အဖွဲ့အစည်းအားလုံး မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်ခြင်းပဲလို့ ယုံကြည်ကြောင်း” အမှာစကားတွင် ဖြည့်စွက်ပြောကြားခဲ့ပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဆွေးနွေးပွဲတွင် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး နှင့် လက်နက်ကိုင် ပဋိပက္ခကိစ္စများ အကျယ်တဝင့်ဆွေးနွေးသွားကြကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း