သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ(RCSS/SSA) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS/SSA) ကိုယ်စားလှယ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားလှယ်များတို့ ယနေ့နံနက်ပိုင်း အချိန်၌ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ   ဥက္ကဌ  ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်များ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်များတို့ တက်ရောက်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်အမြင်တူညီကြသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ် အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆွေးနွေးပြောကြားသဖြင့် RCSS/SSA ဥက္ကဌ  ဗိုလ်ချုပ်ကြီး ယွက်စစ် မှလည်း ၎င်းကိစ္စများနှင့် ပတ်သက်၍ သဘောထားအမြင်တူညီချက်များအား ပြန်လည်ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေး‌နွေးမှု လုပ်ငန်းစဥ်များ ဆောင်ရွက်ရာ၌ အချိန်ဇယားအား စနစ်တကျရေးဆွဲဆောင်ရွက်သွားမည့် အခြေအနေများနှင့် ငြမ်းချမ်းရေးလုပ်ငန်းစဥ်နှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ(RCSS/SSA) ဥက္ကဌ  နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌတို့ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ခဲ့ပါသည်။

အဆိုပါ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ   ဥက္ကဌ  ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။

Taifreedom