လွယ်တိုင်းလျဲန်းတွင် (၇၆) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခဲ့

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ကျရောက်သည့် (၇၆) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ (၇၆) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ သံဃာတော်အရှင်မြတ်များ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း နှင့် RCSS/SSA ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်သူလူထု နှင့် RCSS/SSA တပ်ရင်းအသီးသီးမှ စစ်ကြောင်းများ စုစုပေါင်း (၁၆၂၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲမှစတင်ကာ ရပ်မိရပ်ဖများနှင့် RCSS/SSA တပ်ရင်းအသီးသီးမှ စစ်ကြောင်းများ အခမ်းအနားပြုလုပ်ရာ နေရာသို့ ချီတက်နေရာယူခြင်း၊ ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များ နေရာယူခြင်းတို့ ပြုလုပ်ပြီးနောက် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ အခမ်းအနား သဘာပဓိ (၃)ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပါသည်။

အခမ်းအနားသဘာပဓိ တစ်ဦး မှ (၇၆)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနား အဖွင့်အမှာ စကားပြောကြားပြီးနောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ မိန့်ခွန်းပြောကြားရာတွင် “၁၉၄၇ ခုနှစ်တွင် သျှမ်းခေါင်းဆောင်များ စုပေါင်းပြီး ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ရာမှ ၁၀ နှစ်ကြာပေါင်းစီးပြီး ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ်လို့ ပင်လုံစာချုပ်ထဲ ရေးမှတ်ထားပါတယ်။ သျှမ်းပြည်အလံတော်ဟာလည်း သျှမ်းပြည်တွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးအတွက်ဖြစ်ပါတယ်။ မိမိတို့ RCSS သည် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ရည်ရွယ်ချက်ရှိပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံဆွေးနွေးမှသာလျှင် ပြဿနာများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ စစ်အင်အားတွေသုံးပြီး ပြဿနာတွေဖြေရှင်းနေလျှင် ပြဿနာတွေပိုပြင်းထန်လာဖိုပဲရှိပါတယ်။ မိမိတို့ RCSSဟာ တွေ့ဆုံဆွေးနွေးခြင်းလမ်းစဉ်ကို ရှေးရှူ့ရွေးချယ်ထားခြင်းဖြစ်ပါတယ် တွေ့ဆုံဆွေးနွေးခြင်းလမ်းစဉ်ကို ရွေးချယ်ထားသော်လည်း မိမိတို့အဖွဲ့အစည်းနဲ့ အမျိုးသားရေးကို ထိပါးစော်ကားလာပါက ပြန်လည်လက်တုန့်ပြန်ရန် အသင့်ရှိနေပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် အမှာစကား ပြောကြားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၊ NCA-S EAO ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြု တပ်မတော် (DKBA)တို့မှ (၇၆) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားကြပါသည်။

RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်း နှင့် အတွင်းရေးမှူး (၂) ဗိုလ်မှူး ခမ်းစံ တို့က (၇၆)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာသည့် RCSS ထုတ်ပြန်ကြေညာချက်အား ဆက်လက်ဖတ်ကြားကာ အခမ်းအနားသဘာပဓိ တစ်ဦး မှ (၇၆)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့အပြင် (၇၆)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားအထိမ်းအမှတ်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း၊ RCSS ဌာနဆိုင်ရာ အရာရှိပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပ ဧည့်သည်တော်များအတူတကွ အထိမ်းအမှတ်ဓါတ်ပုံရိုက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း