လဲချား-မိုင်းနောင်ကြားတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးထုတ်ဓါတုပစ္စည်းအမြောက်အများကို RCSS/SSA မှ ဖမ်းဆီးရမိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  RCSS  ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မိမိတို့ထိန်းချုပ်ရာဒေသအတွင်း မူးယစ်ဆေးဝါးများ စစ်ဆေးလျှက်ရှိရာ သျှမ်းပြည်တောင်ပိုင်း လဲချား-မိုင်းနောင်မြို့နယ်ကြားတွင် ကျပ်သိန်းထောင်နှင့်ချီသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းအမြောက်အများကို  RCSS/SSA  မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

လဲချား-မိုင်းနောင်ကြားတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးထုတ်ဓါတုပစ္စည်းအမြောက်အများကို RCSS/SSA မှ ဖမ်းဆီးရမိ

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လဲချား-မိုင်းနောင်ကြားဒေသတစ်လျှောက်တွင် လုံခြုံရေးယူနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိသူများက မသင်္ကာဖွယ်ရာ ကားတစ်စီးအား တားဆီးစစ်ဆေးရာ ယာဘစိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (တန်ဖိုးငွေ ၁၄ သိန်းခန့်) နှင့် မူးယစ်ဆေးရောင်းရသည့်ငွေကျပ်သိန်းပေါင်း ၁၁၀၀  ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ စိုင်းဇော်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

စိုင်းဇော်၏ ဝန်ခံထွက်ဆိုချက်အရ ထိုမူးယစ်ဆေးများကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပန်လှိုင်းမုဒ်ဦးရှိ နန်းမိုက အခကြေးငွေပေးချေ၍တင်ဆောင်လာကြောင်း၊ ထိုမှတစ်ဆင့် လွိုင်လင်-ပင်လုံ-လဲချားလမ်းကြောင်းကနေ ဝမ်ဟိုင်းလမ်းခွဲဘက်သို့ ပို့ဆောင်ပေးရမည်ဖြစ်ကာ အဆိုပါမူးယစ်ဆေးများကို ဝမ်ဟိုင်းမှ စိုင်းညွှန့်ဆိုသူက ပိုင်ဆိုင်ကြောင်း၊ မူးယစ်ဆေးသယ်ဆောင်ခ တစ်ခေါက်လျှင် ငါးသိန်းကျပ်ရပြီး သိန်းထောင်နှင့်ချီသည့် ငွေကြေးကိုတော့ နန်းမိုမှတစ်ဆင့် သူဌေးဖြစ်သူ စိုင်းညွှန့်ထံသို့ ပို့ဆောင်ပေးရမည်ဟု ဝန်ခံထွက်ဆိုထားသည်။

ထို့ပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း စိုင်းညွှန့်ဆီမှ ကျော်ပိုးအိတ်ဖြင့်ထည့်ထားသည့် ၃၇ အမှတ်တံဆိပ် ယာဘဆေးပြား ၈ အိတ်ကို ဝမ်ဟိုင်းလမ်းခွဲမှ ပန်လှိုင်းမုဒ်ဦးတွင်နေထိုင်သူ နန်းမိုထံသို့ တစ်ခေါက်ပို့ဆောင်ပေးခဲ့ဖူးပြီး နိုဝင်ဘာလ ၁၉ ရက်နေ့အရောက်မှာ နန်းမိုထံမှ စိုင်းညွှန့်ဆီသို့ မူးယစ်ဆေးဝါးခငွေကျပ်သိန်းထောင်ကျော်ကိုပြန်ပို့ဆောင်ပေးစဉ် လမ်းခုလတ်မှာ ယခုလို ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

လဲချား-မိုင်းနောင်ကြားတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးထုတ်ဓါတုပစ္စည်းအမြောက်အများကို RCSS/SSA မှ ဖမ်းဆီးရမိ

အလားတူစွာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၃:၃၀ အချိန်ခန့်တွင်လည်း လဲချား-မိုင်းနောင်ကြား တစ်နေရာ၌ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးပစ္စည်း 53 ပုံး (အပြာရောင်ပေပါ) တင်ဆောင်လာသည့် ကားနံပါတ် 4D-6439 အစိမ်းနုရောင် ၁၂ ဘီးကား နှင့် ကားနံပါတ် FF-1307  အဖြူရောင်ကယ်ရီကားတို့နှင့်အတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း ၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများမှာ (၁) မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ယာတော်ရပ်တွင်နေထိုင်သူ မျိုးဝင်းညွှန့် အသက် ၅၀ နှစ် (၂) တောင်ကြီးခရိုင် အေးသာယာမြို့ စက်မှုဇုန်ရပ်တွင်နေထိုင်သူ မြင့်ကို အသက် ၆၅ နှစ် (၃) အောင်ကိုလင်း အသက် ၃၅ နှစ် (၄) ကိုငယ်လေး အသက် ၃၁ နှစ် (၁၂ ဘီးကားယာဉ်မောင်း) နှင့် (၅) ဇနီးဖြစ်သူ နန်းသင်းသင်းစံ အသက် ၁၈ နှစ် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်တွင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။

တရားခံများ၏ ဝန်ခံထွက်ဆိုချက်အရ ပစ္စည်းပိုင်ရှင်မှာ ရန်ကုန်မြို့နေ ဦးအိုက်လီဆိုသူကပိုင်ဆိုင်ပြီး ထိုဓါတုဆေးပုံးများကို မိုင်းရယ်မြို့နယ်သို့ တစ်ခေါက်လျှင် အခကြေးငွေ သိန်း ၁၀၀ ဖြင့် ပို့ဆောင်‌ပေးစဉ် RCSS/SSA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထွက်ဆိုထားသည်။

လဲချား-မိုင်းနောင်ကြားတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးထုတ်ဓါတုပစ္စည်းအမြောက်အများကို RCSS/SSA မှ ဖမ်းဆီးရမိ

၄င်းနိုဝင်ဘာလ ၁၂ ရက်နေ့မှာပင် လဲချား-မိုင်းနောင်ကြား တောလမ်းတစ်နေရာတွင် ၂၂ ဘီးတွဲကားတစ်စီးကို RCSS/SSA တာဝန်ရှိသူများက တားဆီးစစ်ဆေးရာ မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးပစ္စည်းများ ထပ်မံစစ်ဆေးတွေ့ရှိရသောကြောင့် ယာဉ်မောင်းဖြစ်သူ ထွန်းလင်းနောင် အသက် ၂၄ နှစ် နှင့် ညီစေလွင် အသက် ၂၅ နှစ် တို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ၄င်းတို့မှာ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ကားပေါ်ပါပစ္စည်းများမှာ ကြက်စာဟုသာ သိရှိထားပြီး အခကြေးငွေဖြင့် တင်ဆောင်လာကာ မိုင်းနောင်အရောက်မှာ ပိုင်ရှင်ကဖုန်းဆက်ပြီးလာယူမည်ဟုသာ သိရှိထားရကြောင်း၊ ယခုလို မူးယစ်ဆေးထုတ်လုပ်သည့် ဓါတုပစ္စည်းများဖြစ်မည်ကို လုံးဝမသိရကြောင်း RCSS/SSA တာဝန်ရှိသူထံ ထွက်ဆိုထားသည်။

တရားခံများ၏ စစ်ဆေးချက်အရ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးပစ္စည်းများကို မန္တလေး နှင့် ရန်ကုန်မှတစ်ဆင့်သျှမ်းပြည်ဘက်သို့တင်ဆောင်လာခြင်းဖြစ်ပြီး ပစ္စည်းပိုင်ရှင်များမှာ စဝ်စောမိန်း၊ စဝ်ဆု နှင့် စဝ်ဝန်းအောင်တို့ဖြစ်ကြောင်း သိရသည်။

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့်ဆက်စပ်သူ ၈ ဦးကို RCSS/SSA တာဝန်ရှိသူများက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း နှင့် အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လဲချား-မိုင်းနောင်ကြားတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးထုတ်ဓါတုပစ္စည်းအမြောက်အများကို RCSS/SSA မှ ဖမ်းဆီးရမိ

လဲချား-မိုင်းနောင်ကြားတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးထုတ်ဓါတုပစ္စည်းအမြောက်အများကို RCSS/SSA မှ ဖမ်းဆီးရမိ

လဲချား-မိုင်းနောင်ကြားတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးထုတ်ဓါတုပစ္စည်းအမြောက်အများကို RCSS/SSA မှ ဖမ်းဆီးရမိ

Taifreedom