လူထုသတင်းပေးပို့ချက်ဖြင့် မိုင်းကိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၅ ဦးထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်တွင်း မူးယစ်ဆေးဝါးပပျောက်စေရန်အတွက် သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် နယ်မြေတွင်းရှိ ဒေသခံလူထုတို့ လက်တွဲပူးပေါင်းကာ RCSS/SSA လှုပ်ရှားနယ်မြေ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟွေနွဲ့ကျေးရွာအုပ်စု ဟွေနွဲ့ကျေးရွာတွင်းသို့ RCSS/SSA နယ်မြေခံတပ်သားများ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲသူ ၅ ဦးကို မူးယစ်ဆေးဝါးသုံးစွဲနေစဥ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းကိုင်မြို့နယ် ဟွေနွဲ့ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများရှိနေသည်ဟု ဒေသခံလူထု၏ ကြိုတင်သတင်း ပေးပို့ချက်အရ ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီအချိန်ခန့်တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နယ်မြေခံတပ်သားများက ကျေးရွာအတွင်းသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှ WY အမှတ်တံဆိပ် ယာမဆေးပြား ၁၃၇ ပြား ၊ ဘိန်းစိမ်း (၂) ကျပ်သား ၊ မူးယစ်ဆေးနှင့် စပ်ဆက်ပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲသူ (၅) ဦးကို မူးယစ်ဆေးသုံးစွဲနေစဥ် ဖမ်းဆီးရမိခဲ့သည်။

RCSS/SSAမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးသုံးစွဲသူ (၅) ဦးမှာ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု ကုန်းလျဲန်းကျေးရွာတွင်နေထိုင်သူ လုံးဝိ အသက် ၅၃ နှစ်၊ မိုင်းကိုင်မြို့နယ် ဟွေနွဲ့ကျေးရွာအုပ်စု ဟွေနွဲ့ကျေးရွာနေ လုံးဟွမ် အသက် ၄၅ နှစ် နှင့် လုံးစိမ်း အသက် ၅၃ နှစ်၊ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်းကျေးရွာနေ လုံးဆန်ယောင်း အသက် ၄၆ နှစ် နှင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု ဟိုခိုင်းကျေးရွာနေ လုံးစီ အသက် ၆၉ နှစ်တို့ဖြစ်ပြီး ဖမ်းဆီးရမိသည့်တရားခံများ၏ ထွက်ဆိုချက်အရ မူးယစ်ဆေးစွဲလာသည်မှာ အနည်းဆုံး ၂ နှစ် မှ အများဆုံး ၈ နှစ်အထိ ရှိကြောင်း သိရှိရသည်။

သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ သက်သေခံ မူးယစ်‌ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သုံးစွဲသူများအား သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ၏ မူးယစ်ဆေးဝါးပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း ၊ မူးယစ်ဆေးဖြတ်ပေးခြင်း ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း နှင့် အကျင့်စာရိတ္တပြုပြင်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Facebook

သတင်း