မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂ ဦးကို အင်တောမြို့နယ်တွင် RCSS/SSA မှ ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲ နောင်ဝိုးကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂ ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဒေသခံပြည်သူများ၏ သတင်း‌ပေးပို့ချက်အရ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့များ နောင်ဝိုးကျေးရွာအုပ်စုအတွင်းသို့ ဝင်ရောက်စစ်ဆေးရာ ဆိုင်းခေါင်ကျေးရွာနေ လုံးပေါက် အသက် ၅၃ နှစ်၏ နေအိမ်တွင် မူးယစ်ဆေးသုံးစွဲသူ လူငယ် (၁) ဦး၊ စိတ်ကြွဆေးပြား ၁၆၈၃ ပြား၊ ဘိန်းမဲ ၃ ကျပ်သား၊ မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများ စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးရောင်းဝယ်သူ လုံးပေါက်မှာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲ ပန်ဟိုက်ကျေးရွာဇာတိဖြစ်ပြီး လက်ရှိမှာ အင်တောမြို့နယ် နောင်ဝိုးကျေးရွာအုပ်စု ဆိုင်းခေါင်ကျေးရွာတွင် အခြေချနေထိုင်သူဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသုံးစွဲသူမှာ ဆိုင်းခေါင်ကျေးရွာနေ စိုင်းကံ(ခ) စိုင်းနွံလှိုင်း အသက် (၂၄) နှစ်ဖြစ်ပြီး ၄င်းကို မူးယစ်ဆေးသုံးစွဲနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂ ဦးကို အင်တောမြို့နယ်တွင် RCSS/SSA မှ ဖမ်းဆီးရမိ

သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် လုံးပေါက်နှင့် စိုင်းကံတို့အား သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တ မွမ်းမံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူစွာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် တစ်နေရာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀ ပြား တန်ဖိုးငွေ ၄၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်သူတစ်ဦးကို သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိသူများက သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

Taifreedom

Facebook

သတင်း