မူးယစ်ဆေးထုတ်တဲ့ ဓါတုဆေးတင်ဆောင်သည့် ကားကြီး ၃ စီးကို RCSS/SSA မှဖမ်းဆီးရမိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မိမိတို့ထိန်းချုပ်ရာနယ်မြေအတွင်း တင်းကြပ်စွာစစ်ဆေးလျှက်ရှိရာ သျှမ်းမြောက်တစ်နေရာ၌ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓါတုဆေးပစ္စည်းများတင်ဆောင်လာသည့် ၁၂ ဘီးကား ၃ စီးကို သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိခဲ့သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ ယမန်နေ့နေ့လည် ၁၂:၃၀ အချိန်ခန့်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိသူများသည် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသော ဆိုဒါအိတ်များ၊ အက်ဆစ်ဆေးရည်များ တင်ဆောင်လာသည့် ၁၂ ဘီးကား ၃ စီးကို ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက် ၆ ဦးတို့နှင့်အတူ မန္တလေး-လားရှိုးလမ်းပိုင်းတစ်နေရာတွင်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် ဓါတုပစ္စည်းများမှာ 6K-4477 ကားပေါ်တွင် ဆိုဒါအိတ် ၅၀၀ အိတ်၊ 7P-7532 နှင့် 7N-6053  ကားပေါ်တွင် ပေပါပုံးဖြင့်ထည့်ထားသည့် အက်ဆစ်ရည် ၁၉၄ ပုံးတို့ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးထုတ်တဲ့ ဓါတုဆေးတင်ဆောင်သည့် ကားကြီး ၃ စီးကို RCSS/SSA မှဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်များ၏ ထွက်ဆိုချက်အရ မူးယစ်ဆေးထုတ်ရာတွင် အသုံးပြုသည့် ထိုဓါတုဆေးပစ္စည်းများကို မန္တလေးမှ သျှမ်းမြောက်လားရှိုးဘက်သို့ တင်ဆောင်လာပြီး ပိုင်ရှင်မှာ ရန်ကုန်မြို့နေ မနီဆိုသူက ပိုင်ဆိုင်ကြောင်း ထွက်ဆိုထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မူးယစ်ဆေးကွင်းဆက်များအသေးစိတ်သိရှိနိုင်ရန် သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့်ပတ်သက်သူ ၆ ဦးတို့ကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့နှင့် ၂၀ ရက်နေ့တွင်လည်း RCSS/SSA ထိန်းချုပ်ရာဒေသ သျှမ်းပြည်တောင်ပိုင်း လဲချား-မိုင်းနောင်ကြားတွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား၊ မူးယစ်ဆေးထုတ်ရာတွင် အသုံးပြုသော ဓါတုဆေးရည်များ၊ မူးယစ်ဆေးရောင်းရငွေ သိန်းပေါင်း ၁၁၀၀ ကျပ်နှင့် မူးယစ်ဆေးဆက်စပ်ပစ္စည်းများနှင့်အတူ မူးယစ်ဆေးနှင့်ပတ်သက်သူ ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

မူးယစ်ဆေးထုတ်တဲ့ ဓါတုဆေးတင်ဆောင်သည့် ကားကြီး ၃ စီးကို RCSS/SSA မှဖမ်းဆီးရမိ

Taifreedom

Facebook

သတင်း