မိုးရွာသွန်းမှုကြောင့် နမ့်ခမ်းမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား

၂၀၁၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မနေ့က မိုးရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ရှိ နမ့်မချောင်းရေလျှံကာ နမ့်ခမ်းမြို့နယ် ဟိုပုံကျေးရွာအုပ်စု ဝိန်းကန်းကျေးရွာအတွင်းသို့ စီးဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နမ့်ခမ်းဒေသခံတစ်ဦးက တိုင်းဖရီးဒွမ်းထံ မိုးရွာသွန်းမှုကြောင့် ဝိန်းကန်းကျေးရွာရှိ လူနေအိမ်များ ၊ လယ်ယာများအတွင်းသို့ တောင်ကျရေများ စီးဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားကာ မြေနိမ့်နေရာမှာရှိတဲ့ နေအိမ်များမှာ တစ်အိမ်လုံးနီးပါးရေမြှုပ်နေတယ်လို့ ၄င်းကဆိုသည်။

ရေစီးသန်မှုကြောင့် တချို့အိမ်မွေးတိရိစ္ဆာန်များ ရေစီးနှင့် မျောပါသွားပြီး တချို့နေရာများမှာ ရေကပေါင်လယ်လောက်ထိရှိကာ အချို့နေရာများမှာ ဒူးဆစ်ခန့်ထိရှိသောကြောင့် ဒေသခံများ သွားလာရေးတွင် ခက်ခဲမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။

အလားတူစွာ နမ့်ခမ်းမြို့တွင်း၌လည်း မိုးရွာသွန်းမှုကြောင့် ရေလျှံကာ နေအိမ်များ၊ နမ့်ခမ်းမြို့မစျေး နှင့် လမ်းမကြီးတို့တွင် ရေများ ပြည့်လျှံနေသည့်အတွက် စျေးသည်များ လမ်းသွားလမ်းလာများ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် ရေများကျသွားပြီဖြစ်ကာ ထိုသို့ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် နမ့်ခမ်းမြို့နယ် ဝိန်းကန်းကျေးရွာရှိ နေအိမ်များ ၊ လမ်းမများပေါ်၌ အမှိုက်သရိုက်များ နှင့် နှုန်းများ တင်ကျန်ရစ်ခဲ့သည်ဟု သတင်းရရှိသည်။

Facebook

သတင်း