မိုင်းကိုင်မြို့နယ်တွင် ၂၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ  ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့များ လုံခြုံရေးယူနေစဉ် ကားတစ်စီးဖြင့်သယ်ဆောင်လာသည့် ၂၇ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ လင်မယားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့များ ဒေသတွင်းလုံခြုံရေးယူနေစဉ် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု တုံလောကျေးရွာနှင့် ပန်ပွဲကျေးရွာ နမ့်ပုတ်တံတားအနီးတွင် လင်မယားနှစ်ဦးမောင်းနှင်လာသည့် SHN 3P-4545 NISSAN အဖြူရောင်ကားတစ်စီးအား တားဆီးစစ်ဆေးရာ 37 အမှတ်တံဆိပ်ဖြင့်ရေးထိုးထားသည့် စိတ်ကြွဆေးပြား ၃၀၀၁၅ ပြား၊ ငွေကျပ် ၉၂၄၀၀ ကျပ်၊ ဖုန်း ၂ လုံးနှင့် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများကို စစ်ဆေးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးသယ်ဆောင်လာသူများမှာ လုံးဝင်း အသက် ၄၀ နှစ် နှင့် နန်းမိ အသက် ၃၈ နှစ် ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စု ကျောက်ဂူရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်တွင် ၂၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ  ဖမ်းဆီးရမိ

အဆိုပါ လင်မယားနှစ်ဦး၏ ထွက်ဆိုချက်အရ ကျေးသီးမြို့နယ်မှ နမ့်လန်မြို့နယ်သို့ ပို့ဆောင်ထားသည့် ထိုစိတ်ကြွဆေးပြားများကို လုံးဝင်း+နန်းမိတို့ လင်မယားနှစ်ဦးက နမ့်လန်မှ ကျောက်ဂူ၊ ရပ်စောက် နှင့် နောင်ချိုမြို့နယ်ဘက်သို့ ဆက်လက်သယ်ယူ ရောင်းချသွားမည်ဖြစ်ကြောင်း ထွက်ဆိုထားသည်။

ထိုစိတ်ကြွဆေးပြားများမှာ ဒေသပေါက်စျေးအရ ၃၇ အမှတ်တံဆိပ် ရိုက်နှိပ်ထားသည့် အဝါရောင်ထုပ်တစ်ထုပ်လျှင် ငွေကျပ် (၉) သိန်းပေါက်စျေးရှိကြောင်း ဆိုသည်။

သက်သေခံမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် လုံးဝင်း+နန်းမိတို့လင်မယားနှစ်ဦးကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါး ပေါ်လစီနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ်တွင် ၂၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ  ဖမ်းဆီးရမိ

 

အလားတူစွာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့များ ဒေသတွင်းလုံခြုံရေးယူနေစဉ် မိုင်းကိုင်မြို့နယ် ပန်ဆတ်ကျေးရွာအုပ်စု ပန်ဝါကျေးရွာနေ ပါပြိုင်းအား စိတ်ကြွဆေးပြား ၁၁ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်၊ ပါပြိုင်းမှာ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပြီး အစိုးရထောင်ဒဏ် (၂) ကြိမ်၊ RCSS/SSA တပ်ဖွဲ့ထံတွင် အကျင့်စာရိတ္တ (၁) ကြိမ်ပြုပြင်ခံရဖူးသူဖြစ်ကြောင်း သိရှိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသည့် ၂၇ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ CCDAC မှ အောက်တိုဘာလ ၇ ရက်နေ့ နောင်ချိုမြို့အဝင် နှင့် သြဂုတ်လ ၁၅ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်ကော်-ဆီဆိုင်ကားလမ်းမတို့တွင် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အမျိုးအစားများနှင့် တူညီမှုရှိကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း