ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ် တိုက်တွန်း

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော RCSS/SSA ကိုယ်စားလှယ်ကြီးများ နှင့် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့ NSPNC တို့သည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဗဟိုဌာန အစည်းအဝေးခန်းမ၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးသွားကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲအပြီးတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ယုံကြည်မှုတည်ဆောက်ခြင်းဟာ အဓိကကျပါတယ်၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်က လက်တွေ့လုပ်ဆောင်ပြရမှာ ဖြစ်ပါတယ်၊ ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာလည်း သူ့မူကိုယ့်မူကို အလျှော့အတင်းလုပ်ပြီး ညှိနှိုင်းမှသာ ကောင်းမွန်တဲ့ရလဒ်၊ နှစ်ဦးနှစ်ဖက်အတွက် Win Win Solution ရရှိမှာ ဖြစ်ပါတယ်၊ ငြမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ဦးတစ်ယောက်တည်း တစ်ဖွဲ့တစ်စည်းတည်း တဘက်တည်းနဲ့ ဆောင်ရွက်တာ မရနိုင်သလို ထိုက်သင့်တဲ့ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ များများပါဝင်လာနိုင်ရေးကိုလည်း မိမိတို့ စီစဉ်ဖန်တီးပေးဖို့ လိုအပ်ပါတယ်” လို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ၏ နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ “ဆွေးနွေးညှိနှိုင်းရာမှာ တရားဝင်ပွဲတွေ ကျင်းပသလို အလွတ်သ‌ဘောပွဲတွေကိုလည်း မကြာခဏ လုပ်ပေးဖို့ လိုအပ်ပါတယ်၊ ဆွေးနွေးပွဲရဲ့ အခင်းအကျင်းကိုလည်း နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေတဲ့ အခင်းအကျင်းမျိုးဖြစ်အောင်လည်း နှစ်ဖက်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်၊ ဒါမှသာ မိမိတို့ လိုချင်တဲ့ ရလဒ်မျိုးရရှိအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်၊ သူဖက်ကိုယ့်ဖက် မျှမျှတတဖြစ်စေဖို့လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်”ဟု အမှာစကားတွင် ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

ဆွေးနွေးပွဲတွင် RCSS/SSA ကိုယ်စားလှယ်ကြီးများမှ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး နှင့် လက်နက်ကိုင်ပဋိပက္ခကိစ္စများ ဆွေးနွေးခဲ့ကြသည့်အပြင် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တို့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေပါ ဇယား (၁) ပြည်ထောင်စု ဥပဒေစာရင်း၊ ဇယား (၂) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဉပဒေပြုစာရင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) (၂)နှင့် (၃)ပါ သဘောတူညီချက်များအား တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိမရှိသည်ကိုလည်း လေ့လာသုံးသပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်ဆောင်မှုများအကြောင်းကိုလည်း ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဗိုလ်မှူးကြီး အုမ်ခေး၊ ဒုဗိုလ်မှူးကြီး စိုင်းဟန်၊ စိုင်းလျန်းတို့ တက်ရောက်ကြပြီး၊ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့ NSPNC ဘက်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး ဝင်းဘိုရှိန်တို့ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

Taifreedom

Facebook

သတင်း