ပြည်ထောင်စု၏အဓိကပြဿနာ အပိုင်း (၂)

တော်လှန်ရေးဆိုသည်မှာ သစ်ပုပ်သစ်ဆွေးပုံကြားကမှိုများကဲ့သို့ အလိုအလျာက်ပေါက်ချင်တိုင်းပေါက် သည့်အရာများမဟုတ်ပေ။ အကြောင်းရှိ၍သာ အကျိူးတရားပေါ်ပေါက်လာရသည်။ တဖက်၏မတရားဖိနှိပ်အ နိုင်ကျင့်မှု တရားမျှတမှုကင်းမဲ့မှု စေ့စပ်ဆွေးနွေးအဖြေရှာဘို့ လမ်းဆုံးမှုတို့ကြောင့် ထိုမတရားမှုကိုဆန့်ကျင်တွန်း လှန်ရန်တော်လှန်ရေးပေါ်ပေါက်လာရခြင်းဖြစ်သည်။ သို့ဖြစ်၍ တရားမျှတသော၊ သာတူညီမျှမှုရှိသောခေါင်း ဆောင်မှု၊ စီရင်အုပ်ချုပ်မှုများနှင့် ကင်းကွာနေသေးသမျှကာလပတ်လုံး “တော်လှန်ရေး” သည်လည်းဆက်လက် တည်ရှိနေမည်သာဖြစ်သည်။

ပင်လုံစာချုပ်အရပြည်ထောင်စုပေါ်ပေါက်လာခဲ့သည်။ ၁၉၄၇ ပင်လုံစာချုပ်မရှိပဲနှင့် ပြည်ထောင်စုသည် လဲပေါ်ပေါက်လာမည်မဟုတ်ပေ။ ၁၂ /၂ /၄၇ ရက်နေ့တွင်သဘောတူလက်မှတ်ရေးထိုးခဲ့သောပင်လုံစာချုပ်ပါ သဘောတူညီချက်များအတိုင်းလိုက်နာဆောင်ရွက်မှုများမရှိသဖြင့် နိုင်ငံရေးတင်းမာလာခဲ့ရသည်။ တော်လှန်ရေး အဖွဲ့အစည်းများပေါ်ပေါက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်အချို့ ၁၉ /၇ /၄၇ နေ့ တွင် လုပ်ကြံခံခဲ့ရသည်။ ဗမာအချင်းချင်းအာဏာလုကြသည့်ပွဲတွင် သျှမ်းစော်ဘွားအချို့နတ်ရွာလားခဲ့ကြရသည်။

ဤဖြစ်ရပ်များကြောင့် ပြည်ထောင်စုတွင် ”တော်လှန်ရေး” ကို ဗမာလူမျိုးများကပင် စတင်မျိုးစေ့ချခဲ့ကြ သည်။ ဗိုလ်ချုပ်အောင်ဆန်းဖက်ဆစ်တော်လှန်ရေးဆင်နွဲစဥ်ကတည်းက ဗမာပြည်ကျန်ကွန်မြူနစ်ပါတီသန္ဓေ တည်ခဲ့ပြီးသားဖြစ်သည်။ လွတ်လပ်ရေးမရမီ ၁၉၃၉ ခုနှစ်ကတည်းက ဗမာပြည်ကွန်မြူနှစ်ပါတီ (CPB) ကို ထူထောင်ခဲ့ကြ ပြီးဖြစ်သည်။

၁၉၄၈ လွတ်လပ်ရေးရသည်နှင့်တပြိုင်နက် ဗမာလူမျိုးအကြား ကွန်မြူနစ်နှင့် ဆိုရှယ်လစ်ဟူသော နိုင်ငံ ရေးဂိုဏ်းကြီးနှစ်ဂိုဏ်း ပေါ်ပေါ်ထင်ထင်ပြင်ဆင်ယှဥ်ပြိုင်လာကြပြီးသားဖြစ်သည်။ ဗမာအချင်းချင်း အာဏာ အပြိုင်လုမှုကြောင့် ဖြစ်ပေါ်လာသည်။ ပဋိပက္ခများအကြားတွင် သမ္မတကြီးစပ်ရွေသိုက်ဦးစီးသော အစိုးရအဖွဲ့က တိုင်းပြည်ကြီးကို ကောင်းမွန်စွာစီမံခန့်ခွဲမှု မပြုနိုင်ခဲ့ပေ။ စစ်အင်အားတည်ဆောက်ထားသော ဗမာစစ်အုပ်စုက အမျိုးမျိုးဝင်ရောက်စွက်ဖက်ခြယ်လှယ်နေရာလုလာကြ၍ဖြစ်သည်။

ဗမာအချင်းချင်းဖြစ်ပွားသောပဋိပက္ခများအကြား တည်ငြိမ်မှုရှိလိုရှိငြားတိုင်းရင်းသားများအတန်တန် ကြိုးစားခဲ့ကြသေးသည်။ ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးမူရေးဆွဲပြီး အစိုးရသို့တင်ပြခဲ့ကြသော်လည်း တိုင်း ရင်းသားများမျှော်လင့်သကဲ့သို့ဖြစ်မလာခဲ့ပေ။ ဤသို့ဖြင့် ၁၉၆၂ ခု မတ်လ ( ၂ ) ရက်နေ့ ဗိုလ်ချုပ်နေဝင်းက စစ်တပ်အင်အားဖြင့် တိုင်းပြည်အာဏာကိုသိမ်းယူပြီး ပင်လုံစာချုပ်ပါသဘောတူညီချက်များကို နင်းချေဖျက် ဆီးပစ်ခဲ့သည်။ ဤလုပ်ရပ်အကျိုးဆက်အဖြစ် ပြည်ထောင်စုအဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများလည်း အသီးသီးပေါ်ပေါက်လာခဲ့ကြရတော့သည်။

စောဘဦးကြီးဦးဆောင်ပြီး ၁၉၄၉ တွင် ပထမဦးဆုံးတည်ထောင်ခဲ့ကြသည့် ကရင့်တော်လှန်ရေးအဖွဲ့ကြီး သည် ဗမာစစ်တပ်အား ရန်ကုန်အထိဖိ၍တိုက်ခိုက်နိုင်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်း၏ ဗမာ့တပ်မတော် အရေးမလှဖြစ်နေစဥ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) က ဗမာလူမျိုးကြီးဝါဒီအာဏာကျဆုံးတော့မည့် အရေးကို လက်ပိုက်ကြည့်မနေနိုင်တော့သဖြင့် စောဘဦးကြီးအပေါ် သစ္စာဖေါက်ဖျက်ကာ ဗိုလ်ချုပ်နေဝင်းဘက် ဝင်တိုက်ပေးခဲ့သည်။ ဤအချက်ကြောင့် စောဘဦးကြီးတို့ ကရင့်အမျိုးသားတော်လှန်ရေးတပ် နောက်ပြန် ဆုတ်ပေးခဲ့ရသည်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံး သင်ခန်းစာယူထိုက်သော အချက်ဖြစ်သည်။

ဗမာလူမျိုးဟူသည် ၎င်းတို့အချင်းချင်းမည်သို့ပင် ခိုက်ရန်ဖြစ်ပွား အာဏာလုယက်တိုက်ခိုက် နေကြစေ ကာမှု တပါးသောတိုင်းရင်းသားများလက်အာဏာသက်ရောက်မည့်အရေးဆိုလျှင် တက်ညီလက်ညီလက်တွဲ ပူးပေါင်း ကာကွယ်တတ်ကြသည့် သာဓကများရှိခဲ့သည်။ စောဘဦးကြီးက ရင့်အမျိုးသားတပ်မတော်အား ဗမာ့တပ်မတော်နှင့် ပူးပေါင်းနှိမ်နင်းပြီးမှ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ပြန်လည်တောခိုခဲ့သည်။

၁၉၄၉ ခုနှစ်တွင် မော်စီတုန်းခေါင်းဆောင်သော တရုတ်ကွန်မြူနစ်ပါတီက ကူမင်တန် (KMT) အစိုးရကို ဖြုတ်ချပြီး အာဏာရလာသောအခါ သခင်ဗသိန်းတင်ဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီလည်း တရုတ်ကွန် မြူနစ်ပါတီ၏ ထောက်ခံအားပေးမှုကို ရယူကာ တရုတ်မြန်မာနယ်စပ်တွင် ဌာနချုပ်တည်ထောင်ခဲ့သည်။ ဗသိန်း တင်အတွက် နယ်မြေခံတောင်ပေါ်တိုင်းရင်းသားများကို စည်းရုံးသိမ်းသွင်းဖို့အခွင့်ထူးများရရှိခဲ့သည်။ တရုတ်ကွန် မြူနစ်ပါတီ အကူအညီဖြင့် တပ်သားသစ်စုဆောင်းခြင်း၊ စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ခြင်း အာဏာ ရှင်နေဝင်းအစိုးရအား စစ်မျက်နှာဖွင့်တိုက်ခိုက်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း  စစ်တလင်းပြင်များအကြား သေကြေဆုံးရှုံးခဲ့ရသူများကတော့ သျှမ်းပြည်ဒေသခံတိုင်းရင်းသားလူမျိုးစုများသာ ဖြစ်သည်။

ကာလအတန်ကြာသောအခါ ဗသိန်းတင်လက်အောက်လက်သပ်မွေးခံထားရသော တိုင်းရင်းသား အင်အားစုများလည်း မိမိတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ ဓါးရိုးများသာဖြစ်ကြောင်းသိလာကြပြီး ခွဲထွက်ဖို့ ကြိုးစားခဲ့ကြသည်။ သို့ဖြင့် ၁၉၈၉ တွင် (CPB) အတွင်းအဓိကအင်အားစုများဖြစ်သော ဝ နှင့် ကိုးကန့်၊ ကချင် နှင့် သျှမ်းလူမျိုးများ ဗသိန်းတင်လက်မှအာဏာကိုပြန်လည်ရယူပြီး UWSA (ဝ) ၊ NDAA (မိုင်းလား) ၊ MNDAA (ကိုးကန့်) အစရှိသဖြင့် မိမိဆိုင်ရာအဖွဲ့အစည်းများ သီးခြားဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

အစဥ်လိုက်ဖေါ်ပြရလျှင် ၁၉၄၉ တွင် ကရင်၊ ၁၉၅၇ တွင် ကရင်နီ၊ ၁၉၅၈ တွင် သျှမ်း နှင့် မွန်၊ ၁၉၆၀ တွင် ကချင်၊ ၁၉၆၈ တွင် ရခိုင်အစရှိသဖြင့် တိုင်းရင်းသားတော်လှန်ရေးများ ပေါက်ဖွားလာခဲ့ကြသည်။ ပြည်နယ်တိုင်း အမျိုးသားတိုင်းတော်လှန်ရေးအဖွဲ့အစည်းများတည်ထောင်ခဲ့ရခြင်းအကြောင်းရင်းကို ပြန်ကြည့်လျှင် တရားမျှ တမှုနှင့်သာ တူညီမှုကင်းမဲ့မှု၊ ဗမာလူမျိုးကြီးဝါဒကို လက်ကိုင်ပြု၍ အမျိုးသားရင်ကြားစေ့ရေးကို လစ်လျူ ရှုခဲ့မှုများကြောင့် ဖြစ်ကြောင်းတွေ့ရသည်။ တွေ့ဆုံဆွေးနွေးသည့်အကြိမ်တိုင်းတွင်လည်း တဖက်သတ်အာဏာ ဖြင့် မိမိအလိုကျ အနိုင်ပိုင်းမှုများသာရှိခဲ့သဖြင့် စစ်ရေးတင်းမာမှုများတနေ့တခြားကြီးမားလာခဲ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းမှု သည် ဗမာနှစ်အုပ်စုအကြား ဖြစ်ပွားသည့်ပြဿနာဖြစ်သည့်အလျောက် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု၊ တိုင်းပြည်မငြိမ်မသက်ဖြစ်မှုစသည့် အကျိုးဆက်များမှာလည်း တိုင်းရင်းသားလူမျိုးများနှင့် လုံးဝမသက်ဆိုင် ခဲ့ပေ။ ဗမာအချင်းချင်းအကြား ဖြစ်ပွားသော အာဏာလွန်ဆွဲပွဲတွင် ပြည်ထောင်စုသမိုင်းကို မလေ့လာသူ၊ နိုင်ငံ ရေး အတွေ့အကြုံနုနယ်သူ၊ ရိုးသားဖြောင့်မတ်သူ တိုင်းရင်းသားအချို့က ဖက်ဒရယ်ဒီမိုကရေစီ တစ်ခုတည်းကိုတင်းတင်း ဆုပ်ကာသူများနောက်ကောက်ကောက်ပြေးရင်း တပါးသူ၏ လက်ရင်းတုတ်ဖြစ်ခဲ့ရသူ များလည်း မနည်းတော့ပေ။

ဝါဒရေးနှင့်ပတ်သက်လျှင် ဒီမိုကရေစီသော်၎င်း၊ ဆိုရှယ်လစ်သော်၎င်း၊ ကွန်မြူနစ်သော်၎င်း လွတ်လပ် ရေးကြိုးပမ်းမှုကာလကတည်းက ဗမာလူမျိုးကြီးဝါဒီတို့ ကောင်းစွာအကွက်ချခဲ့ကြပြီးသားဖြစ်သည်။ ထိုဝါဒရေး ရာများကို အပေါ်ယံလောက်မျှသာ ကြားဖူးရုံရှိခဲ့ကြသော ပညာတတ်ယောင်ကားတိုင်းရင်းသားအချို့က ဗိုလ်ချုပ် အောင်ဆန်းနောက်ကောက်ကောက်ပြေးခဲ့ကြသည်။ တဖက်ကသျှမ်းစော်ဘွားများကို ကန့်ကွက်ဆန္ဒပြရင်း တဖက်တွင် ဗိုလ်ချုပ်အောင်ဆန်းကိုထောက်ခံခဲ့ခြင်းကြောင့် “ပင်လုံစာချုပ်”ဟူသော ကတိကဝတ်ကြီးပေါ်ပေါက် လာခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ပင်လုံကတိကဝတ်ကို ဗမာများကပင် ဖေါက်ဖျက်ခဲ့သဖြင့် ရပလခေါ် အောင်ဆန်း နောက်လိုက်သျှမ်းခေတ်ပညာတတ်လူငယ်အချို့လည်း မည်သို့မျှဖြေရှင်းရန် လမ်းစရှာမရသောအခါ ”ရှမ်းပြည်ဘယ်လဲ” ဟူသောစာတမ်းကိုသာ ရေးသားနိုင်ခဲ့တော့သည်။

၁၉၆၂ မှစပြီး အာဏာသိမ်းနေဝင်းက တိုင်းပြည်ကို ဒီမိုကရေစီစနစ်မှ ဆိုရှယ်လစ်စနစ်သို့ ၂၆ နှစ်ကြာ ပြောင်းလဲအုပ်ချုပ်ခဲ့သော်လည်း တိုင်းသူပြည်သားတို့၏ နာကျည်းစိတ်ကို မကုစားနိုင်ခဲ့ပေ။ သို့နှင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်လုံးကျွတ် အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြီး နေဝင်းအစိုးရကို ရဟန်းရှင်လူကျောင်းသားနှင့် ပြည်သူများဆန္ဒပြဆန့်ကျင်ခဲ့ကြသည်။ နေဝင်းလည်းမခံသာသည့်အဆုံး လက်မြှောက်အရှုံးပေးလိုက်ရပြီး သန်းရွှေကို အစားထိုးခန့်ထားခဲ့သည်။ သန်းရွှေလက်ထက်တွင် တိုင်းပြည်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ဖြင့် အုပ်ချုပ်ရန် လိုအပ်ပြီဟူသောရည်ရွယ်ချက်ဖြင့် ဗမာလူမျိုးကသာ ရေရှည်အသာစီးအာဏာဆုပ်ကိုင်ထားနိုင်မည့် ဥပဒေကို လမ်းကြောင်းပေးထားပြီး လူကြားကောင်းအောင်တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် (၁၄) နှစ်ကြာ အချိန်ယူ၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပြဌာန်းခဲ့သည်။

ဤ  ၂၀၀၈ အခြေခံဥပဒေကြောင့် လက်နက်ကိုင်အင်အားစုနှင့် နိုင်ငံရေးပါတီအများစုမှာ သန်းရွှေ၏ ကျော့ကွင်းတွင် မလူးသာမလွန့်သာ ပြန်လည်သက်ဆင်းခဲ့ကြရပြီး သန်းရွှေ၏လက်သုံးတော်များဖြစ်သွားကြ ရသည်။ ပြည်သူလူထုများမည်မျှပင်ဆင်းရဲဒုက္ခရောက်၍ ညည်းညူပြစ်တင်နေကြသော်လည်း လက်နက်ကိုင် အင်အားစု နှင့် နိုင်ငံရေးပါတီများဘာမျှ ကူညီဖြေရှင်းပေးနိုင်ခြင်းမရှိပဲ စစ်အစိုးရအလိုကျ ခေါင်းငုံ့ခံနေကြရသည်မှာ ယနေ့ တိုင်ဖြစ်သည်။

လက်ရှိအာဏာသိမ်းမင်းအောင်လှိုင်ခေတ်တွင်လည်း နေဝင်းခြေရာအတိုင်း ရုရှနိုင်ငံသို့အကြိမ်ကြိမ် ပြေးခစားနေခြင်းကိုကြည့်ခြင်းအားဖြင့် ဆိုရှယ်လစ်လမ်းစဥ်ကို ပြန်လည်အသက်သွင်းဖို့သာရည်ရွယ်ကြောင်း သိသာထင်ရှားစေသည်။ တိုင်းရင်းသားအင်အားအများစုမျှော်လင့်တောင့်တနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ဆိုသည်မှာလည်း ရှေ့ဆက်လျှောက်လှမ်းစရာမရှိသည့် လမ်းဆုံးသို့ရောက်နေပြန်သည်။ သို့ဖြစ်၍ ပြည်သူလူထု၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအနေဖြင့် နောက်တကြိမ်တခါ အာဏာရှင်ကြိုးဆွဲရာ လိုက်ကနေရမည့် ရုပ်သေးရုပ်ဘဝမရောက်အောင် သတိတမာန်ဥာဏ်မြေကတုတ်ဆိုသကဲ့သို့ နိုင်ငံရေးအသိ အမြင်ပါးနပ်စွာဖြင့် သတိချပ်ကြဖို့လိုအပ်ပြီဖြစ်ကြောင်း ဗိန်းမောင်းဆင့်လိုက်ရပေသည်။

 

ဆောင်းပါးအပိုင်း (၃) “ ပြည်ထောင်စုပြဿနာကို ဘယ်လိုရှင်းမလဲ ” ကို ဆက်လက်ဖတ်ရှုပါရန်။

ဆေခန်ဖ
၁၄ / ၁၀ / ၂၀၂၂

Facebook

သတင်း