တော်လှန်ရေး ဘာကြောင့်ဖြစ်တည်လာရသလဲ

တော်လှန်ရေးသည် မတရားသဖြင့်ချိုးနှိမ်ဖိနှိပ်ခြင်းများရှိနေသည့်အတွက်ကြောင့် ဖြစ်တည်လာရခြင်း ဖြစ်သည် ။ တော်လှန်ခြင်းသည် ပုံသဏ္ဍန်အမျိုးမျိုးရှိသည် ။ လူထုအင်အားနှင့်ဆန္ဒထုတ်ဖော်ပြီး အုပ်စိုးသူ အစိုးရများကို လူထု၏အသံကိုနားထောင်ပြီး လိုက်လျောပြုပြင်ဖို့တောင်းဆိုခြင်း ၊ လက်ကမ်းစာစောင်များ နံရံကပ်စာစောင်များ ရေးသားထုတ်ဝေပြီး လမ်းများ ၊ နံရံများတွင် လိုက်လံကပ်ခြင်း ၊ ပိုစတာကြီးများ ပြုလုပ်ကာ လူစည်ကားရာနေရာများတွင် စိုက်ထူခြင်းအားဖြင့် လူအများသိကြားစေခြင်း ၊ လူသူစုဝေးပြီး တော်လှန်ရေး တေးသီချင်းများ တူပြိုင်သီဆိုကြခြင်း ၊ တော်လှန်သော သီချင်းများ ကဗျာများရေးဖွဲ့ ထုတ်ဝေခြင်း  ကုလသမဂ္ဂထံသို့ စာရေးတိုင်တန်းခြင်းနှင့် သံရုံးများရှေ့တွင်ဆန္ဒပြခြင်း ၊ လူသူစုရုံးပြီး တော်လှန်ရေးတပ်ဖွဲ့ကာ လက်နက်စွဲကိုင်တော်လှန်ခြင်းတို့ဖြစ်သည် ။

တော်လှန်ရေးတရပ်တွင် ဦးတည်ရာနှစ်ပိုင်းရှိသည် ။ တစ်ပိုင်းမှာ မတော်မတရားအုပ်ချုပ်နေသည့် အုပ်စိုးသူများကို တော်လှန်ဖြုတ်ချရန်ဖြစ်ပြီး ၊ နောက်တစ်ပိုင်းမှာ မကောင်းသော အုပ်ချုပ်ရေးစနစ် တရပ်အား ပြောင်းလဲပစ်ရန်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တော်လှန်ရေးဦးတည်ရာမှာ နှစ်ပိုင်းလုံးကို ဖြုတ်ချပြောင်းလဲပစ်ရန်ဖြစ်ကြောင်း တွေ့ရသည်။ သမိုင်းကိုပြန်ကြည့်လျှင် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ခဲ့သည့် (၁၉၄၈) မှစပြီး ယနေ့ထိတိုင် တော်လှန်ရေးမှာ နှစ်လကြာရှည်ခဲ့ပြီဖြစ်သည် ။

မလေးရှားနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ (၃၁.၈.၁၉၅၇) ခုနှစ်ကဖြစ်ပြီး ၊ မလေးရှားလက်အောက်မှ စင်္ကာပူနိုင်ငံ ခွဲထွက်ထူထောင်နိုင်ခဲ့သည်မှာ (၉.၈.၁၉၆၅) ခုနှစ်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် နှိုင်းယှဉ်လျှင် လွတ်လပ်ရေးရချိန် အတော်နောက်ကျသော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး တော်လှန်သည့် အစုအဖွဲ့မရှိခြင်းမှာ အုပ်ချုပ်သူများ အရည်အချင်းရှိခြင်းနှင့် နိုင်ငံအပေါ် မေတ္တာတရားရှေးရှုအုပ်ချုပ်ခြင်းတို့ကြောင့်ဖြစ်သည်။ (၁၉၅၃) ခုနှစ်တွင်မှ လွတ်လပ်ရေးရသည့် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်လည်း လွတ်လပ်ရေးရချိန် နောက်ကျသော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံထက် ဖွံ့ဖြိုးလာရခြင်းမှာ ခေါင်းဆောင်များအရည်အချင်းနှင့် မေတ္တာကြောင့်ပဲဖြစ်သည် ။

တစ်ဖက်တွင် လူထုများမှလည်း အုပ်ချုပ်မင်းလုပ်သူများ အရည်အချင်းမရှိလျှင် ၊ အုပ်ချုပ်ရေးစနစ် မကောင်းလျှင် တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်နိုင်ကြောင်း သိမြင်နားလည်လာကြသလို ၊ မတော်မတရားသည့် အုပ်စိုးသူများကို တော်လှန်ပြောင်းလဲပစ်ကြသည် ။ ထိုကြောင့်ပင် တော်လှန်ရေးတရပ်သည် ပြည်သူလူထုဖက်မှ ရပ်တည်မည် ၊ အမှန်တရားဖက်မှ ရပ်တည်နေမည်ဆိုလျှင် ပျက်စီးပျောက်ပျက်သွားမည်မဟုတ်ပါ ။

အာဏာရရှိရေးကို ရှေးရှုကျင်းပခဲ့သည့် (၂၀၂၀) ခုနှစ် မြန်မာနိုင်ငံရွေးကောက်ပွဲအပြီး ၊ (၁.၂.၂၀၂၁) ရက်နေ့တွင် ဗမာ့တပ်မတော်မှ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်ပြီး တပ်အင်အားဖြင့် (NLD) ဒေါင်း အစိုးရထံမှ အာဏာကိုသိမ်းယူခဲ့သည် ။ လူထုထောက်ခံမှုလုံးဝမရခဲ့သဖြင့် ပါတီများ ၊ ဒီမိုကရေစီ အင်အားစုများ၏ ကန့်ကွက်မှု ၊ လူထု၏လိုလားချက်နှင့်ဆန္ဒမှန်ကို လက်သင့်ခံဖို့တောင်းဆိုသံများနှင့်အတူ ပြည်သူလူထုသန်းချီပြီး လမ်းမများပေါ်ထွက်ကာ ငြိမ်းချမ်းစွာစုဝေးဆန္ဒထုတ်ဖော်ခဲ့ကြသည် ။

သို့ရာတွင် တပ်မတော်ဖက်မှ လူထု၏လိုလားချက်ကို လက်မခံခဲ့ရုံသာမက ပါတီခေါင်းဆောင်များ၊ လွတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား လက်နက်ဖြင့် ပစ်ခတ်ခြင်းတို့ကိုပြုလုပ်ခဲ့သည့်အတွက် ပြည်သူများအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြရခြင်းဖြစ်သည် ။

ပြည်ထောင်စုမြန်မာနိုင်ငံ၏တော်လှန်ရေးဖြစ်စဉ်များထဲမှ ယခုနောက်ဆုံးပေါ်ထွက်လာခဲ့သည့် တော်လှန်ရေးမီးတောက်အတွင်း ဗမာပြည်မနေ ပြည်သူများသာမက တနိုင်ငံလုံးရှိပြည်သူများ၏ အိုးအိမ်များ ပျက်စီးဆုံးရှူံးမှု ၊ ထောင်ချီသည့်ကျေးရွာများ မီးရှို့ဖျက်စီးခံရမှုတို့အပြင် စီးပွားရေးလုပ်ငန်းရှင်များ မြို့ရွာများကို စွန့်ခွာပြေးနေရခြင်း ၊ ပြည်ပမှရင်းနှီးမြုပ်နှံသူများမှလည်း အရင်းအနှီးများပြန်လည်ရုပ်သိမ်းပြီး ပြည်တော်ပြန်ကုန်ကြပြီဖြစ်သည်။ နိုင်ငံအနှံ့မှ လူငယ်များစွာမှာလည်း နီးရာလက်နက်ကိုင်စွဲပြီး ဓါးကိုဓါးချင်း လှံကိုလှံချင်း ပြန်လည်တုံ့ပြန် တော်လှန်လာခဲ့သည်မှာ (၂) နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သည် ။ ပြည်သူလူထုမှ မွေးဖွားလာသည့် တော်လှန်ရေးတရပ်အသွင်ဖြင့် ယခုတစ်ကြိမ် တော်လှန်မှုသည် ပြင်းထန်အားပါလှပါသည်။

မိမိတို့ကျေးရွာကို ပြန်လည်ကာကွယ်စောင့်ရှောက်ခြင်းမှစပြီး တပ်ရင်းတပ်ဖွဲ့များ စုဖွဲ့လာကြကာ ၊ စစ်တိုင်း များအသွင်ဖြင့် တပ်မတော်ကို ကာလရှည်ယှဉ်ပြိုင်တိုက်ခိုက်ကြတော့မည်မှာ မလွဲမသွေပင်ဖြစ်သည် ။

တပ်မတော်၏ အခြေခံအင်အားကို ပြည်သူထံမှသာရရှိရယူရသည်ဖြစ်သဖြင့် ပြည်သူမကြည်ဖြူသည့် တပ်တခုအနေဖြင့် အင်အားသစ်ထပ်မံစုဆောင်းနိုင်ရန် မလွယ်ကူလှတော့ပါ ။ ထို့အပြင် တပ်အတွင်းတွင်လည်း မိမိတို့၏ဆွေမျိုးသားချင်းများ ဘေးဒုက္ခကြုံတွေ့နေရသည့် အခြေအနေများကြောင့် စိတ်ဓါတ်ကျဆင်းခြင်း ၊ တပ်ကိုစွန့်ခွာပြေးခြင်းများ များပြားလာသည်ကို ကြားသိနေရသည် ။ အမိန့်မနာခံမှုများ ၊ ကုန်သည် ဈေးနားငွေကြေးတောင်းခံမှုများ ၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ကိုယ်လွတ်ရုန်းကြခြင်းတို့ကြောင့် တပ်မတော် သန်စွမ်းကြံ့ခိုင်နေဖို့ရာ မလွယ်ကူတော့ပါ ။

အနှစ်ချုပ်ရလျှင် တော်လှန်ရေးမည်သည်မှာ လူထုဖက်ကသာ အမှန်တကယ်ရပ်တည်ခဲ့မည်ဆိုလျှင် အောင်မြင်မှုရလိမ့်မည်မလွဲပင်ဖြစ်သည် ။

စွယ်တော်ပန်း

Facebook

သတင်း