ခိုလမ်မြို့တွင် RCSS/SSA အမည်အား အသုံးပြု၍ ဆက်ကြေးငွေကောက်ခံနေသူများ ရှိနေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ခိုလမ်မြို့တွင် အမည်မသိ/အဖွဲ့အစည်းမသိသူများမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အမည်အား အသုံးပြု၍ ဆက်ကြေးငွေများ လိုက်လှံကောက်ခံနေသည့်အပြင် ဒေသခံပြည်သူများအား အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ည ၁ နာရီခွဲခန့်တွင် ခိုလမ်မြို့ အမှတ် (၄) ရက်ကွက်တွင် တည်ရှိသော အမဲသားရုံတွင် အမည်မသိ/အဖွဲ့အစည်းမသိ အင်အား ၁၀ ဦးခန့်မှ လက်နက်များနှင့်အတူ ရောက်ရှိလာပြီး အမဲရုံပိုင်ရှင်းမရှိသဖြင့် အလုပ်သမား (၄) ဦးအား သေနတ်ဖြင့်ချိန်ကာ ဗမာစကားဖြင့် “ငါ့မျက်နှာကိုမကြည့်နဲ့၊ မင်းတို့သဌေးဟာ အရမ်းကပ်စေးနဲတယ် RCSS ဆီဆက်ကြေးငွေမပေးဆောင်ဘူး၊ ငါတို့က RCSS တပ်ဖွဲ့ဝင်ကွ”ဟု ပြောဆိုပြီး သေနတ် (၈) ချက် ပစ်ခတ်ခဲ့သည့်အပြင် ၎င်းတို့မှဆက်လက်၍ “ငါတို့ ဒီကိုလာတယ်ဆိုတာ ဘယ်သူ့ကိုမှ အကြောင်းမကြားနဲ့ ငါတို့သိရင် မင်းတို့ကို ပစ်သတ်မည်”ဟု ပြောဆိုခြိမ်းခြောက်ပြီး သူတို့အပြန်တွင် အမဲရုံဝင်းရှိ ကား ၂ စီး၏ မှန်အား ရိုက်ခွဲသွားခဲ့ပြီး ချည်နှောင်ထားသည့် နွား(၄) ကောင်ကိုလည်း လွှတ်ပေးလိုက်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဤဖြစ်စဥ်နှင့် ပတ်သက်၍ နယ်မြေခံ တာဝန်ရှိပုဂ္ဂိုလ်ထံ ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်ရပ်များသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်များမဟုတ်ကြောင်း ၊ ဒေသခံပြည်သူများမှ RCSS အပေါ် အထင်လွှဲမှားစေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပြောပြခဲ့ပြီး မသကႅာဖွယ်ရာ ငွေကြေးကောက်ခံမှု သို့မဟုတ် မသကႅာစရာ အခြားသော အကြောင်းအရာများတွေ့ရှိပါက နယ်မြေခံဆက်ဆံရေးရုံး သို့လည်းကောင်း ၊ နယ်မြေခံ တာဝန်ရှိပုဂ္ဂိုလ်များထံသို့လည်းကောင်း ဆက်သွယ်အကြောင်းကြား ပါရန် အသိပေးအပ်ပါသည်။

Taifreedom

Facebook

သတင်း