ဥပဒေမဲ့၊ မင်းမဲ့စရိုက်ဆန်ဆန်လိုက်လံဖမ်းဆီးခြင်းများကို ဆက်လက်မလုပ်ဆောင်ရန် ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောကြား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်မဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၃/၂၀၂၀) အစည်းအဝေးအား စတင်ကျင်းပလျက်ရှိကြောင်းသတင်းရရှိသည်။

ယနေ့ ၂၀၂၁ ခုနှစ် မတ်လ  ၁၁ ရက်နေ့ နံနက်ပိုင်းတွင် NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၃/၂၀၂၀) အစည်းအဝေးအား Online Video Conferencing ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး အစည်းအဝေးတွင် PPST ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များ ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် NCA-S EAO ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကျကြောင်း သိရှိရသည်။

အစည်းအဝေးတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ စစ်အာဏာသိမ်းခြင်းကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ဆန့်ကျင်ခဲ့ကြသည့် အလွှာလွှာအသီးသီးမှ ပြည်သူလူထုများအား စစ်ကောင်စီမှ အင်းအားသုံး၍ အကြမ်းဖက်နည်းလမ်းများဖြင့် ပစ်ခတ်တိုက်ခိုက်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားသည့်ပြည်သူများအားလုံးအတွက် လွန်စွာဝမ်းနည်းမိကြောင်း နှင့် ဆန္ဒထုတ်ဖော်ပြပွဲများနှင့်CDM အာဏာဖီဆန်ရေးစသည့် ပြည်သူလှုပ်ရှားမှုများကို လက်နက်အင်းအားအပြည့်အစုံဖြင့် ရက်စက်စွာပစ်ခတ်တိုက်ခိုက်ဖြိုခွင်းနေသည့်လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း PPST ကိုယ်စားပြောကြားလိုက်ပါသည်။

ထို့အပြင် မိမိတို့ဟာ ပြည်သူလူထုများနှင့် အတူတကွရပ်တည်ကြတာဖြစ်သောကြောင့် ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် PPST အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံရေးအရ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းထားခြင်းဆိုသည့် ဆုံးဖြတ်ချက်အား ခိုင်ခိုင်မာမာ ဆက်လက်ကိုင်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ အထွေထွေသပိတ်များနှင့် အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုများတွင်ပါဝင်သည့် ပြည်သူလူထုများနှင့် တိုင်းပြည်ဝန်ထမ်းများအား ညအချိန်မတော် စစ်ကောင်စီ၏ တပ်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်အလိုက် ဝိုင်းဝန်းပိတ်ဆို့ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ဥပဒေမဲ့ ၊ မင်းမဲ့စရိုက်ဆန်ဆန် လိုက်လံဖမ်းဆီးခြင်းများ ဆက်လက်မပြုလုပ်ရန်နှင့် ဖမ်းဆီးထားသူများအား ခြွင်းချက်မရှိလွှတ်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၃/၂၀၂၀) အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်တွင်းပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၃/၂၀၂၀) အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအကျပ်အတည်းများနှင့် ပတ်သက်၍ မိမိတို့၏ ဆောင်ရွက်ချက်တွေကို တင်ပြဆွေးနွေးညှိနှိုင်းသည့်အပြင် ရှေ့ဆက်လုပ်ငန်စဥ်များအား ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း