­­­­အာဆီယံ အထူးကိုယ်စားလှယ်များနှင့် NCA-S EAO တို့ နေပြည်တော်တွင်တွေ့ဆုံ

အာဆီယံ အထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO) တို့ ယနေ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲတွင် အာဆီယံ အထူးကိုယ်စားလှယ် H.E Park Sokhonn တက်ရောက်ခဲ့ပြီး NCA-S EAO မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်ဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းငင်း မှ နေပြည်တော်ကို ရောက်မလာမှီ အထူးကိုယ်စားလှယ်မှ ထုတ်ပြန်သည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို တိုးတက်မှုရရှိအောင် အကောင်အထည်ဖော်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ အစည်းအဝေးသဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရေး၊ သက်ဆိုင်သူအားလုံးတို့နှင့် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် ကူညီရေး စသည့်ကိစ္စရပ်တွေကို လုပ်ဆောင်မည်ဟု ထုန်ပြန်သည့်အတွက် အလွန်ဝမ်းမြောက် ဝမ်းသာပီတိဖြစ်မိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လက်ရှိနိုင်ငံရေး အကျပ်အတည်းဖြေရှင်းရာမှာ (က) တပ်မတော်နှင့် EAO များ ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးသဘောတူညီချက်ရအောင် အလျှော့အတင်းပြုလုပ်နိုင်ရေး၊ (ခ) တပ်မတော်၊ EAO များနှင့် နိုင်ငံရေးပါတီများ အနေဖြင့် ဖက်ဒရယ်မူရရှိအောင် နိုင်ငံရေးဆွေးနွေးပွဲမှာ ညှိနှိုင်းဆွေးနွေးပြီး အာဏာသုံးရပ် ခွဲဝေကျင့်သုံးနိုင်ရေး၊ (ဂ) ရရှိလာသည့် ဖက်ဒရယ်မူများနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်တို့ကို ပြုပြင်ပြောင်းလဲခြင်း စသည့် နည်းလမ်း (၃) သွယ်ကို မိမိတို့ အဆိုပြုလိုကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့အပြင် RCSS အနေဖြင့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းကို လက်ကိုင်ထားပြီး တွေ့ဆုံနိုင်အောင်လည်း နည်းလမ်းရှာ ကြိုးပမ်းနေကြောင်း ၊ အကြမ်းဖက်မှုများကို ရပ်ဆိုင်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် အမြဲတိုက်တွန်းကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက်(၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရာမှာ အထူးကိုယ်စားလှယ်နှင့် တတ်နိုင်သမျှ လက်တွဲပူးပေါင်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သည့်ဖက်ကနေ ဝိုင်းဝန်းကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်းချမ်းသာယာမှ အာဆီယံဒေသအတွင်းလည်း ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သောကြောင့် အာဆီယံအနေနဲ့ မိမိတို့ တိုင်းပြည်ငြိမ်းချမ်းရေးရရှိရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးဖို့ရန်နှင့် နောက်ဆုံးအနေဖြင့် ပါဝင်သင့်ပါဝင်ထိုက်သည့် Stake Holders အဖွဲ့အစည်းများ ပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် ကြားဝင်အကျိုးဆောင် ကြိုးပမ်းစီစဥ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း ဆွေးနွေးတင်ပြချက်တွင် ထည့်တွင်းပြောကြားခဲ့ပါသည်။

အလားတူစွာ ယနေ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၀၂:၃၀ နာရီတွင်လည်း NCA-S EAO နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှူကော်မတီ (NSPNC)တို့ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom