အပစ်ရပ်ကာလ ၂ လ ထပ်မံတိုးမြှင့်ကြောင်း တပ်မတော်ကြေညာ

တပ်မတော်မှ စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ်ကာလ ၂ လ ထပ်မံတိုးမြှင့်ကြောင်း ဇွန်လ ၃၀ ရက်နေ့ မနေ့က တပ်မတော် သတင်းမှန် ပြန်ကြားရေးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

တပ်မတော်အနေဖြင့် ပြီးခဲ့သည့်နှစ်စပိုင်းကစ၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ရပ်ဆိုင်းပေးထားသည့် ကာလ၌ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ စဥ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုအခြေအနေမျိုး၌ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ထားရှိသည့်အပေါ်အခြေခံ၍ စစ်တိုင်း  ၅ ခုတွင် အပစ်ရပ်ကာလ တပ်မတော်မှ အပစ်ရပ်ကာလကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ ၂ လတာ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တပ်မတော်မှ စစ်ဆင်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် စစ်တိုင်း ၅ ခုမှာ သျှမ်းပြည်နယ်အတွင်းရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နှင့် ကချင်ပြည်နယ်တွင်းရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့ ဖြစ်ကြသည်။

တပ်မတော်မှ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းပေးသည့်ကာလကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ  ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့မှ ဇွန်လ  ၃၀ ရက်နေ့အထိ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ရပ်ဆိုင်းပေးခဲ့ပြီးဖြစ်သည်။

တပ်မတော်၏ အပစ်ရပ်ကာလကြေညာချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကြိုဆိုပြီး တပ်မတော်မှ စစ်ဆင်ရေးလှုပ်ရှားမှု ရပ်ဆိုင်းသည့်နယ်မြေကို မသတ်မှတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပစ်ရပ်ရန် လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

Facebook

သတင်း