သျှမ်းမြောက် နမ့်လန်ဒေသခံ ၄ ဦးကို SSPP/SSA အဓမ္မဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်မြို့နယ်ခွဲ မန်လီကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံ ၄ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က ယနေ့ ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ နမ့်လန်မြို့ မန်လီကျေးရွာအုပ်စု ခဲမွန်ကျေးရွာနေ လုံးသောမတ် အသက် ၆၅ နှစ်၊ မန်လီကျေးရွာနေ ပါမြအုံ အသက် ၅၅ နှစ်၊ နန်းဟွမ်ငင်း အသက် ၂၇ နှစ် နှင့် စိုင်းပီး အသက် ၂၅ နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒေသခံသတင်းပေးပို့ချက်အရ – ၄င်းတို့ ၄ ဦးကို SSPP/SSA တပ်ဖွဲ့က VIGO ကား ၄ စီးဖြင့် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်အကြောင်းကြောင့် ၄င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း၊ ထိန်းသိမ်းထားသည့်နေရာလည်း မသိရှိရဘဲ အဆက်သွယ်ပြတ်နေသောကြောင့် မိသားစုဝင်များ စိုးရိမ်ပူပန်လျှက် ရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်သတင်းအရ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း သျှမ်းပြည်မြောက်ပိုင်း ထုန့်မောဝ်ဒေသ နမ့်ခမ်းမြို့နယ် မန်းဆွယ်ကျေးရွာရှိ သျှမ်းလူငယ်အဖွဲ့အစည်း TYO အဖွဲ့ဝင်တစ်ဦး အပါအဝင် ဒေသခံ ၄ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄င်းထဲမှ ဒေသခံ ၃ ဦးကို ဇွန်လ ၃ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့ကြောင်း၊ TYO အဖွဲ့ဝင်တစ်ဦးကိုတော့ ယနေ့ချိန်ထိ ဆက်လက်ဖမ်းဆီးထားကာ တရားရုံးတင်စစ်ဆေးသွားမည်ဟု သိရသည်။

ပြန်လွတ်လာသည့် ဒေသခံများက ၄င်းတို့ကို RCSS/SSA အတွက် ဆက်ကြေးကောက်ပေး၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု SSPP/SSA တာဝန်ရှိသူများကပြောကြောင်း သိရသည်။

သို့သော်လည်း ဖမ်းဆီးခံရသည့် ဒေသခံများမှာ RCSS/SSA အတွက် ဆက်ကြေးကောက်ခံပေးခြင်းမရှိကြောင်း သိရသည်။

TYO အဖွဲ့ဝင်ကိုတော့ မည်သည့်အကြောင်းပြချက်ဖြင့် ဆက်လက်ဖမ်းဆီးထိန်းသိမ်း ထားသည်ကို မသိရှိရသေးကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း