သျှမ်းမြောက်တွင် SSPP/TNLA တပ်ပေါင်းစုနှင့် RCSS စစ်ရေးတင်းမာမှုကြောင့် ဒေသခံ ရာနှင့်ချီ စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ သျှမ်းပြည်တပ်မတော်  RCSS/SSA တပ်ဖွဲ့အား မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု SSPP/SSA နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့က အဆက်မပြတ် လိုက်လံထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံများ ရာနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း‌ရှောင် နေရသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာမှ ရာနှင့်ချီသည့် ဒေသခံများသည် ဇူလိုင်လကတည်းက မိုးဖွဲဖွဲကြား အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

တိုက်ပွဲများကြောင့် ပါခါးကျေးရွာဒေသခံ (၃၈) ဦး၊ ပန်တောင်း (၂၉) ဦး၊ ဟင်ဝိုး (၅၇) ဦး၊ ချုံးသစ်ကျေးရွာ (၅၉) ဦး၊ ချုံးဟောင်းကျေးရွာ (၃၆) ဦး၊ ဇာတိကျေးရွာ (၁၀) ဦး၊ ကလောင်ဝိုင်းကျေးရွာ (၁၀၉) ဦး၊ တော့ဆန်ကျေးရွာ (၃၃) ဦး၊ ညောင်မောင်း (ပန်မတ်မီး) ကျေးရွာ (၅၆) ဦး၊ ပန်ဟူကျေးရွာ (၄၈) ဦး၊ နမ့်ဖြစ်ကျေးရွာမှ (၂၈) ဦး စုစုပေါင်း အိမ်ခြေ ၁၈၈ အိမ်ခြေမှ ဒေသခံ ၄၈၇ ဦးတို့သည် မိုင်းငေါ့မြို့နယ် မန်ပင့်ကျေးရွာတွင် စစ်ရှောင်ခိုလှုံနေရသည်။

သျှမ်းမြောက်တွင် SSPP/TNLA တပ်ပေါင်းစုနှင့် RCSS စစ်ရေးတင်းမာမှုကြောင့် ဒေသခံ ရာနှင့်ချီ စစ်ဘေးရှောင်နေရ

အလားတူစွာ ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက ကိန်ကိုင်ကျေးရွာမှ မွေးကင်းစ ရက်သားကလေးအပါအဝင် အိမ်ခြေ ၆၃ အိမ်မှ ဒေသခံ ၁၈၅ ဦးတို့သည် ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာအုပ်စု ဟူးစွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ထွက်ပြေးခိုလှုံနေရသည်။

ထိုထဲတွင် ၇ ရက်သားအရွယ်ကလေးငယ်တစ်ဦး၊ တစ်နှစ်အရွယ်ကလေး တစ်ဦးနှင့် ကိုယ်ဝန်ဆောင် မိခင် (၅) ဦးပါဝင်ကြောင်း သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့မှာလည်း နှစ်ဖက်တပ်များ စစ်ရေးတင်းမာမှုကြောင့် ပန်ဖျက်၊ ပန်ကွမ်ကျေးရွာ နှင့် ပန်သပြေကျေးရွာမှ ဒေသခံ ၂၄၀ ကျော်လည်း ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

သျှမ်းမြောက်တွင် SSPP/TNLA တပ်ပေါင်းစုနှင့် RCSS စစ်ရေးတင်းမာမှုကြောင့် ဒေသခံ ရာနှင့်ချီ စစ်ဘေးရှောင်နေရ

စစ်ဘေးရှောင်အများစုမှာ စားနပ်ရိက္ခာ ဆေးဝါး ခြင်ထောင် မိုးကာ အပြင်  ကျောက်မဲခရိုင်အတွင်း၌လည်း COVID-19 ကိုဗစ်နိုင်တင်းကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် နှာခေါင်းစည်း mask နှင့် လက်ဆေးရည်များလည်း လိုအပ်နေကြောင်း သိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများနှင့်ပတ်သက်၍ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) က သျှမ်းမြောက်ဒေသရှိ RCSS/SSA တပ်စခန်းများကို SSPP/SSA နှင့် TNLA ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့က လိုက်လံထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူလူထုများအား စစ်ဘေးရှောင်ဒုက္ခရောက်နေရသည်ကို များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ယခုအချိန်ထိ RCSS အနေဖြင့် သျှမ်းမြောက်ဒေသတွင် ခံစစ်ကိုသာ ဖော်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုပါက ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဖြေရှင်းစေလိုကြောင်း ထုတ်ပြန်ကြေညာထားသည်။

သျှမ်းမြောက်တွင် SSPP/TNLA တပ်ပေါင်းစုနှင့် RCSS စစ်ရေးတင်းမာမှုကြောင့် ဒေသခံ ရာနှင့်ချီ စစ်ဘေးရှောင်နေရ

Taifreedom

Facebook

သတင်း