သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် RCSS နှင့် SSPP တို့တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့ ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့ နေ့လည် ၁၁:၀၀ နာရီခန့်မှစ၍ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ အင်အား ၁၀၀ ခန့်သည် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၀၂:၀၀ နာရီအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA သည် တွေ့ဆုံဆွေးနွေးခြင်းမှ တစ်ဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှုအား လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေး နှင့် လူထု တိုင်းပြည်အကျိုးအတွက် နိုင်ငံရေး နည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများအား ဖြေရှင်းနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁၀) ရက် မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်အတွင်း တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းထားခဲ့ပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးရေး ကမ်းလှမ်းထားချက်ကို SSPP အဖွဲ့က တိုက်ပွဲဖြင့် ပြန်လည်တုန့်ပြန် အဖြေပေးခဲ့ခြင်းဖြစ်သည်။

Taifreedom

Facebook

သတင်း