သျှမ်းတောင် ကျေးသီး-မိုင်းနောင်ကြားတွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် နှင့် မိုင်းနောင်မြို့နယ်ကြားရှိ လွယ်ဟွန်းတောင်ကြောတစ်လျှောက်ရှိ RCSS/SSA တပ်စခန်းကို SSPP/SSA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်မှစ၍ SSPP/SSA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လွယ်ဟွန်းတောင်ကြောတစ်လျှောက်ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်ကလည်း ၁၂၀ မမ လက်နက်ကြီးကျည်များဖြင့် ဝမ်ဖိန်းကျေးရွာဘက်မှနေ၍ SSPP/SSA တပ်ဖွဲ့အား ပစ်ကူလျှက်ရှိသည်။

တိုက်ပွဲဖြစ်ပွားရာဒေသဘက်သို့ SSPP/SSA တပ်များ အင်အားဖြည့်တင်းလျှက် ရှိကြောင်း သိရသည်။

သျှမ်းတောင် ကျေးသီး-မိုင်းနောင်ကြားတွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်ပွား
စစ်ကောင်တပ်၏ လက်နက်ကြီးကျည်စများ

ကျေးသီးမြို့မှ မိုင်းကောင်ကျေးရွာအုပ်စုဘက်သို့ သွားရာလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာနေသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ကျေးသီး-မိုင်းနောင်ကြား လွယ်ဟွန်းတောင်ကြောရှိ RCSS/SSA တပ်စခန်းကို SSPP/SSA တပ်ဖွဲ့က ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိလည်းကောင်း  အသီးသီးထိုးစစ်ဆင်ခဲ့ဖူးပြီး ယခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး (၄) လကျော်ကြာ ဇွန်လ ၁ ရက်နေ့မှစ၍ SSPP/SSA တပ်ဖွဲ့က  RCSS/SSA လွယ်ဟွန်းတပ်စခန်းအား ထပ်မံထိုးစစ်ဆင်ရာ စစ်ကောင်စီတပ်ဖွဲ့ ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူလျှက်ရှိသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နှင့်မန်လီကျေးရွာကြားတွင် RCSS/SSA၊ SSPP/SSA နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်တုန်းကလည်း စစ်ကောင်စီတပ် ခမရ-၅၀၅ တပ်ရင်းနှင့် ခမရ-၅၀၆ တပ်ရင်းတို့သည် SSPP/SSA နှင့် TNLA အနောက်ဘက်မှနေ၍ ၈၁ မမ လက်နက်ကြီးကျည်ဖြင့် ပစ်ကူခဲ့ကြောင်း သိရှိရသည်။                           

Taifreedom

Facebook

သတင်း