သီပေါမြို့နယ်တွင် တပ်မတော် ၄ တပ်ရင်းမှ RCSS/SSA အား ၂ ရက်ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်

တပ်မတော်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် တပ်မတော်တပ်ရင်း ၄ တပ်ရင်းမှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား ၂ ရက်ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည် ၁၂:၁၅ နာရီတွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ခိုင်းဆင်‌ကျေးရွာ အလှမ်းဝေး တောတွင်းတစ်နေရာတွင် တည်ရှိသည့် RCSS/SSA တပ်စခန်းအား တန့်ယန်းမြို့-ဆိုင်ခေါင်အခြေစိုက် အမှတ် ၂၂ ခြေလျင်တပ်ရင်း (ခလရ-၂၂) ၊ သီပေါမြို့အခြေစိုက် အမှတ် ၅၀၄ ခြေမြန်တပ်ရင်း(ခမရ-၅၀၄) ၊ နမ္မတူမြို့အခြေစိုက် အမှတ် ၁၄၇ ခြေလျင်တပ်ရင်း (ခလရ-၁၄၇) ၊ ကွတ်ခိုင်မြို-နမ့်ဆလပ်အခြေစိုက် အမှတ် ၅၆၈ ခြေမြန်တပ်ရင်း (ခမရ-၅၆၈) စသည့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( ရမခ လားရှိုး)၏ လက်အောက်ခံတပ်ရင်း ၄ တပ်ရင်း အင်အား ၃၀၀ ကျော်ခန့်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

အလားတူစွာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀:၀၀ တွင် ၎င်းတပ်မတော် ၄ တပ်ရင်းမှ ခိုင်းဆင်‌ကျေးရွာ အလှမ်းဝေး တောတွင်းတစ်နေရာတွင် တည်ရှိသည့် RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်မှ မီးယမ်းအဖြစ် ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ ညနေ ၃ နာရီအထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရသည်။

တပ်မတော်အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( NCA ) ပါ သဘောတူညီချက်အတိုင်း အလေးထားလုပ်ဆောင်ခြင်းဖြစ်ပါသည်ဟု မြဝတီ(MWD) ရုပ်သံလှိုင်းမှ တင်ပြသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားရာတွင် ပါရှိသော်လည်း တပ်မတော် ၄ တပ်ရင်းမှ RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်သည့် လုပ်ရပ်သည်  NCA စာချုပ်တွင်ပါရှိသည့် အပိုင်း ၃ အခန်း ၃ အပုဒ် ၅ (က) အပစ်ရပ်နယ်မြေတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်မြေစိုးမိုးမှုတပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း ၊ အင်အားတိုးချဲ့ခြင်း ၊ လက်နက်ကိုင်ဆိုက်ခိုက်မှုများ ၊ မိုင်းထောင်ခြင်းများ ၊ အကြမ်းဖက်တိုက်ခိုက်မှုများ ၊ ရုပ်ဝတ္ထုပစ္စည်းများ ဖျက်ဆီးခြင်း နှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် နှင့် အပိုင်း ၃ အခန်း ၃ အပုဒ် ၈ (ခ) တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသောနယ်မြေအတွင်း လက်နက်ဖြင့်သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန်ဆိုသည့်အချက်များအား ကျူးလွန်ချိုးဖောက်ရာရောက်သောကြောင့် တပ်မတော်မှ NCA စာချုပ်ပါ သဘောတူညီချက်များအပေါ် အလေးအနက်ထားရှိခြင်းမရှိကြောင်း နှင့် ထာဝရငြိမ်းချမ်းရေးအား အမှန်တကယ်လိုလားသည်မဟုတ်ကြောင်း အတွင်လက္ခဏာပြသသည့်လုပ်ရပ်များ ဖြစ်ပါသည်။

Taifreedom

Facebook

သတင်း