သီပေါတွင် စစ်ရှောင် ၂၀၀ ကျော် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်နေ

သျှမ်းမြောက်ဒေသရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လိုက်လံထိုးစစ်ဆင်မှုကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နောင်အန်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ဒေသခံရာနှင့်ချီ ထွက်ပြေးတိမ်းရှောင် နေရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင်လည်း နှစ်ဖက်တပ်များ ပစ်ခတ်မှုရှိနေသေးကြောင်း သိရှိရပြီး တိုက်ပွဲတွင်း ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပေ။

တိုက်ပွဲဖြစ်ပွားသည့် ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ တိုက်ပွဲနှင့်နီးစပ်ရာဒေသအတွင်းရှိ ပိန်းဆာရွာ၊ နားစလောင်းကျေးရွာမှ ဒေသခံ (၂၃၈) ဦးက မန်ကျောင်းရွာ ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

သီပေါတွင် စစ်ရှောင် ၂၀၀ ကျော် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်နေ
Photo – CJ

ယခုချိန်တွင် မန်ကျောင်း ဘုန်းတော်ကြီးကျောင်းရှိ စစ်ရှောင် ၂၃၈ ဦးအတွက် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်နေပြီး စောင်၊ ခြင်ထောင်များနှင့် ကပ်ဘေးကာလဖြစ်သောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုအပ်နေသေးကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ကျစ်ဖွန်ကျေးရွာမှ ဒေသခံ (၂၅၀) ခန့် နားဆန်းရွာ ဘုန်းတော်ကြီးကျောင်းသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ဇူလိုင်လ ၂၃ ရက်နေ့က ညနေပိုင်းက ကျေးရွာအနီး ပစ်ခတ်သံများ မကြားရသောကြောင့် နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်အခက်အခဲကြုံတွေ့နေရချိန်နှင့် COVID-19 ကပ်ရောဂါဘေးကြုံနေရချိန်မှာ ကျောက်မဲခရိုင်နှင့် ကျေးသီးမြို့နယ်အတွင်း လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ဒေသခံများ မိုးရာသီ စိုက်ပျိုးချိန်မှာ သီးနှံများ မစိုက်ပျိုးနိုင်ဘဲ ရောဂါကပ်ဘေးကြားမှာ ထောင်နှင့်ချီပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်။

Taifreedom

Facebook

သတင်း