သဘောတူညီချက် ၇ ချက်ဖြင့် PPST အစည်းအဝေးပြီးဆုံး

လက်ရှိနိုင်ငံရေးနှင့်စပ်လျဥ်း၍ နှစ်ရက်တာပြုလုပ်ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးအား အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့ပြီး ဘုံသဘောတူညီချက် ၇ ချက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၅/၂၀၂၁) အစည်းအဝေးအား ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မှစ၍  ဧပြီလ ၂၇ ရက်နေ့အထိ ၂ ရက်တိတိ Online Video conferencing ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး PPST ခေါင်းဆောင်များ ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် NCA-S EAO ရုံးဝန်ထမ်းများတက်ရောက်ကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းများ ဖြေရှင်းနိုင်ရေးကိစ္စများ နှင့် PPST၏ ရှေ့ဆက်လုပ်ငန်းစဥ်များအတွက် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး၏နောက်ဆုံးနေ့တွင်  PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြားက နည်းလမ်းပေါင်းစုံဖြင့် နွေးဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့ကြသော ပြည်သူလူထုတို့အား PPST အနေဖြင့်သော်လည်းကောင်း ၊ တစ်ဖွဲ့ချင်းအနေဖြင့်သော်လည်းကောင်း ထောက်ခံအားပေးကူညီပံ့ပိုးဝန်းရံမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ စစ်ကောင်စီမှ သတင်းအမှောင်ချနိုင်ရန်အတွက် အင်တာနက်ဖြတ်တောက်ခြင်း ၊ ဂြိုလ်တု စလောင်းများ အတင်းဖြုတ်ခိုင်းခြင်းများ စသည့်လုပ်ရပ်များ ဆက်လက်မပြုလုပ်ရန်တောင်းဆိုကြောင်း နှင့် NCA စာချုပ်ကိုအခြေခံပြီး သက်ဆိုင်ရာအဖွဲ့အစည်းအနေဖြင့် ပြည်သူလူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားဖို့ တိုက်တွန်းစကားများအား အစည်းအဝေးနိဂုံးချုပ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၅/၂၀၂၁) အစည်းအဝေး၏ ဘုံသဘောတူညီချက် ၇ ချက်မှာ ( ၁ ) လက်ရှိဖြစ်ပေါ်နေသော ပြည်ထေင်စုမြန်မာနိုင်ငံ၏ ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် NCA-S EAOမှ ကြိုးပမ်းဆောင်ရွက်သွားမည်။ ( ၂ ) ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်နှင့် လက်နက်မဲ့ ပြည်သူလူထုများအပေါ် အကြမ်းဖက်သတ်ဖြတ်၊ ပစ်ခတ်နှိမ်နှင်းမှုကို ချက်ခြင်းရပ်တန့်ပေးရန်။ ( ၃ ) တိုင်းရင်းသားပြည်သူလူထုများနေထိုင်သည့် ကျေးရွာများ ၊ ဒေသများတွင် ဗုံးကြဲတိုက်ခိုက်မှုများကို အပြင်းအထန် ကန့်ကွက်ရှု့ချပြီး ချက်ခြင်းရပ်တန့်ပေးရန် ။ ( ၄ ) လက်ရှိမြန်မာနိုင်ငံရေးအကြပ်အတည်းနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ASEAN ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး၏ ကြိုးပမ်းမှုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကြားဝင်စေ့စပ် ဖြေရှင်းပေးရေးကိုကြိုဆိုပါသည်။ နိုင်ငံတကာကြားဝင်စေ့စပ်ဖြေရှင်းခြင်းများသည် မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီရေးကို PPST အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်။ ( ၅ ) PPST သည် CRPH အပေါ် ဆက်စပ်ညှိနှိုင်းပံ့ပိုးရေးကို အစုအဖွဲ့အလိုက်သော်လည်းကောင်း ၊ တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်။ ( ၆ ) အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ကိုဖွဲ့စည်းနိုင်ခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြိုးပမ်းတည်ဆောက်ရေးတွင် တိုးတက်မှုအဆင့်တရပ်သို့ တက်လှမ်းနိုင်ခြင်းဟု ရှုမြင်သည့်အတွက် ကြိုဆိုပါသည်။ ( ၇ ) လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ ၊ အခင်းအကျင်းအပေါ်မူတည်၍ EAO များစုစည်းနိုင်ရေးနှင့် စုဖွဲ့မှုအသစ် ဖော်ဆောင်သွားနိုင်ရေးတို့အတွက် ညီနောင်  EAO များအားလုံးနှင့် ညှိနှိုင်းဆွေးနွေးသွားမည် စသည့်အချက်များဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ  NCA-S EAO အဖွဲ့ဝင် ၁၀ ဖွဲ့မှာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်ကြပါသည်။

Taifreedom

Facebook

သတင်း