လွယ်တိုင်းလျဲန်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်ကျင်းပ

ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအား RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ RCSS/SSA ဌာနဆိုင်ရာအကြီးအကဲများ ၊ ရပ်မိရပ်ဖများ နှင့် RCSS/SSA တပ်ရင်းမှ တပ်သားများ စုစုပေါင်း ၂၉၆ ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားအား ယနေ့ နံနက် 9 နာရီတွင် စတင်ကျင်းပခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ပတ်သတ်သည့်အချက်များဖြင့် အဖွင့်အမှာစကားပြောကြားပြီး  ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ အမှာစကား ပြောကြားပြီးနောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတစ်ဦးမှ RCSS၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ ဆောင်ရွက်လာခဲ့သည့် တစ်နှစ်တာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဥ်များအား Powerpoint Slide Show ဖြင့် တင်ပြရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ နှင့် ပတ်သတ်၍ RCSS မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ကြေညာချက်ကို အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား ဖတ်ပြခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ RCSS/SSA ဌာနဆိုင်ရာအကြီးအကဲများတို့ အထိမ်းအမှတ်အဖြစ် အတူတကွ  အမှတ်တရ ဓါတ်ပုံရိုက်ကာ RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ခုနှစ်တွင်း RCSS/SSA မှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ ဘိန်းစိမ်း ၄၇.၁၁၇ ကီလို ၊ ဘိန်းဖြူ ၃၀.၁၃ ကီလို နှင့်  WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၆၈၂၄၆၁ ပြားတို့ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂၉၃ ဦး ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါး သုံးစွဲသူ စုစုပေါင်း ၁၉၂၉ ဦးတို့အား RCSS၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီနှင့်အညီ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားပေးသည့်အပြင် သျှမ်းပြည်ရှိ မြို့နယ်အသီးသီးတွင် နေထိုင်ကြသော ဒေသခံပြည်သူများအား RCSS/SSA နယ်မြေခံတပ်ရင်းများမှ မူးယစ်ဆေးဝါးဆိုးကျိုးများနှင့် ပတ်သတ်၍ အသိပညာဟောပြောပွဲ ၄၆၉ ခေါက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Taifreedom

Facebook

သတင်း