လက်ပစ်ဗုံးကောက်ရ၍ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ခြံတွင်း အလုပ်လုပ်သည့် မိဘနောက်လိုက်ပါသော ကလေးငယ်များမှ လက်ပစ်ဗုံးကောက်ရ၍ ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦး နှင့် မိန်းကလေးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ‌ဧပြီလ ၂၆ ရက်နေ့တွင် ဟိုပုံးမြို့နယ် မိုင်းပျဥ်းကျေးရွာအုပ်စု ကွန်ကုန်းကျေးရွာအနီးနားရှိ ပြောင်းဖူးခြံတွင် အလုပ်လုပ်သော မိဘများနောက် လိုက်ပါသော ကလေးငယ် ၃ ဦးသည် ခြံအနီးတစ်ဝိုက်ရှိ လမ်းဘေးမြောင်းတွင် လက်ပစ်ဗုံးကောက်ရပြီး ခြံစောင့်တဲတွင် ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် ခွန်ပြည့်စုံဦး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါသည်။

ခွန့်ပြည့်စုံဦးနှင့် အတူ ကစားသော အသက် ၇ အရွယ် နှင့် အသက် ၅ နှစ်အရွယ် ကလေးငယ်နှစ်ဦးမှာ ကျောကုန်းတွင်လည်းကောင်း ၊ ရင်ဘတ်တွင်လည်းကောင်း ဒဏ်ရာရရှိခဲ့သည့်အပြင် တဲတွင်း အိပ်နေသော အသက် ၁၆ နှစ်အရွယ် ခွန့်ပြည့်စုံ၏ အစ်မဝမ်းကွဲမှာလည်း နဖူး ၊ လက်မောင်း၊ တင်ပါး စသည့်နေရာတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေလျက် ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

အဆိုပါ လက်ပစ်ဗုံးသည် မည်သည့်အဖွဲ့အစည်း၏ လက်ပစ်ဗုံးမှန်း မသိရှိရသော်လည်း ဒေသခံပြည်သူများ၏ ခန့်မှန်းချက်အရ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ပေါင်းစုတို့၏ လက်ပစ်ဗုံးဖြစ်နိုင်ခြေရှိကြောင်း ဆက်လက်ပြောပြခဲ့ပါသည်။

Taifreedom