မြန်မာ့တပ်မတော်ထောက်ခံပွဲတွင် ဒေသခံပြည်သူများ အတင်းအဓမ္မခေါ်ဆောင်ခြင်းခံရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ်တွင် မြန်မာ့တပ်မတော်မှ အခကြေးပေး၍ တပ်မတော်ထောက်ခံပွဲတွင် ပါဝင်ရန် ဒေသခံပြည်သူများ အတင်းအဓမ္မခေါ်ဆောင်ခြင်း ခံရကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၀၉:၀၀ မိုင်းဆတ်မြို့နယ်တွင် ဒေသခံပြည်သူ စုစုပေါင်း ၇၀၀ ကျော်ခန့်မှ မြန်မာ့တပ်မတော်ထောက်ခံကြောင်း ရေးသားထားသည့် ဆိုင်းဘုဒ်များ ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓါတ်ပုံများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ တပ်မတော်ထောက်ခံပွဲပြုလုပ်ခြင်းနှင့် ပတ်သက်၍ မြန်မာ့တပ်မ‌တော်မှ မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသတွင်း နေထိုင်ကြသော ဒေသခံတိုင်းရင်းသားပြည်သူများအား အခကြေးငွေအဖြစ် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ပေးဆောင်၍ ထောက်ခံပွဲတွင်ပါဝင်ရန် ဒေသခံပြည်သူများအား အတင်းအဓမ္မခေါ်ဆောင်ပြီး ပါဝင်ထောက်ခံမှုမပျက်ကွက်စေရ ဟုလည်း ခြိမ်းခြောက်ပြောဆိုသောကြောင့် ဒေသခံပြည်သူများသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တပ်မတော်ထောက်ခံပွဲတွင် ပါဝင်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ပြည်သူလူထုရွေးတင်မြှောက်သည် အစိုးရထံ အာဏာသိမ်းယူပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စ၍ ယနေ့တိုင် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွေမှာ ပြည်သူလူထုများစုပေါင်းပြီး အာဏာသိမ်းယူသည့် မြန်မာ့တပ်မတော်အား ဆန့်ကျင်ကန့်ကွက်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူလူထုများ ၊ အစိုးရဝန်ထမ်းများနှင့် ဒေသတွင်း သတင်းတင်ဆက်ပေးသည့် သတင်းထောက်များအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းမှုများလည်း လုပ်ဆောင်မှုရှိနေပါသည်။

Taifreedom

Facebook

သတင်း