မြန်မာပိုင်နက်မြေကျူးကျော်ကာ မြောင်းတူးသည့်ကိစ္စနှင့် ပတ်သက်ပြီး လူမှုရေးအသင်းနှင့် နိုင်ငံရေးပါတီတို့၏ သဘောထားထုတ်ပြန်

မြန်မာပိုင်နက်ခြမ်းသို့ ပေ ၆၀ ခန့် ကျူးကျော်ကာ မြောင်းတူးခဲ့သည့် တရုတ်နိုင်ငံဘက်မှ အရပ်ဝတ်ဖြင့် လူ ၄ ဦး၏ လုပ်ရပ်အား ပြင်းထန်စွာရှုံ့ချကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ နှင့် လူမှုရေးအသင်း ၄ သင်းတို့ပူးပေါင်းပြီး သဘောထားထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့၌ သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စု နောင်ခမ်းကျေးရွာအနီးရှိ နယ်နမိတ်မိုင်တိုင် BP ၅၇ နှင့် BP ၅၈ ကြားတွင် တရုတ်နိုင်ငံဘက်မှ အရပ်ဝတ်ဖြင့် လူ ၄ ဦးမှ မြေတူးစက်တစ်စီးဖြင့် မြန်မာပိုင်နက်ခြမ်းသို့ ပေ ၆၀ ခန့်ကျူးကျော်ကာ မြေသားမြောင်းတစ်ခု တူးဖော်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဤကိစ္စရပ်များနှင့် ပက်သက်၍ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊ မြို့နယ် မြို့မိ မြို့ဖ ၊ မြို့နယ်တောင်သူလယ်သမားများအသင်း ၊ လူမှုညီညွတ်ရေးအသင်း နှင့် ရှေးဟောင်းအမွေအနှစ် နှင့် သမိုင်းဝင်နေရာများထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း တို့ပူးပေါင်းပြီး တရုတ်နိုင်ငံဘက်မှ အရပ်ဝတ်ဖြင့်လူ ၄ ဦးမှ မြန်မာမိုင်နက်ခြမ်းသို့ ပေ ၆၀ ခန့် ကျူးကျော်ကာ မြောင်းတူးခဲ့သည့်ဖြစ်စဥ်အား အချိန်နှင့် တပြေညီ နမ့်ခမ်းအုပ်ချုပ်ရေးမှုးထံသို့ သတင်းပေးပို့တိုင်းကြားခဲ့သည့် နောင်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး၏ လုပ်ဆောင်ချက်အား ထောက်ခံဂုဏ်ပြုမှတ်တမ်းတင်ခြင်း ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီပြည်ပရေးရာဌာနမှူးထံသို့ ကန့်ကွက်စာပေးပို့ခဲ့သည့် နမ့်ခမ်းအုပ်ချုပ်ရေးမှူး၏ လုပ်ဆောင်ချက်အား ထောက်ခံဂုဏ်ပြုမှတ်တမ်းတင်ခြင်း ၊ နှစ်နိုင်ငံ နယ်နိမိတ်ပြဿနာသည် အလွန်အရေးကြီးပါသဖြင့် ယခုလို တရုတ်နိုင်ငံဘက်မှ အရပ်ဝတ်လူ ၄ ဦး၏ မဆင်မခြင် ကျူးကျော်ခဲ့သည့် လုပ်ရပ်အား ပြင်းထန်စွာရှုံ့ချခြင်း နှင့် ဤကဲ့သို့သော နယ်စပ်ပြဿနာမျိုးသည် မြန်မာ- တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်းတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး သက်ဆိုင်ရာ ဗဟိုအစိုးရအဖွဲ့မှ သွားရောက်ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန် လေးစားစွာတိုက်တွန်းတောင်းဆိုခြင်း ဆိုသည့် အချက် ၄ ချက်အား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် သဘေားထားထုတ်ပြန်ကြေညာခဲ့သည်ဟု သိရပါသည်။

Taifreedom

Facebook

သတင်း