မူဆယ်တွင် သီတင်းကျွတ်ကာလ ဗျောက်အိုးများ ရောင်းဝယ်ခြင်း ၊ ပစ်ဖောက်ခြင်းများမပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု နယ်မြေများတွင် သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးများ ရောင်းဝယ်ခြင်း ၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

မူဆယ်မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း သီတင်းကျွတ်ပွဲတော်ကာလမတိုင်မီ သီတင်းကျွတ်ပွဲတော် ကာလအတွင်း ၊ သီတင်းကျွတ်ပွဲတော် ကာလနောက်ပိုင်းထိတိုင်အောင် မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က အမိန့်စာထုတ်ပြန်ထားကြောင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

မီးရှူးမီးဒိုင်းများ ပစ်ဖောက်ခြင်းကြောင့် ပြည်သူများအထိတ်တလန့် မဖြစ်စေရန်၊ မသမာသူများမှ အခွင့်ကောင်းယူပြီး ရပ်ရွာအေးချမ်း တည်ငြိမ်ရေးကို ပျက်ပြားအောင်ပြုမူလာနိုင်ခြင်း နှင့် အခြားမလိုအပ်သည့် ပြဿနာများ မဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်ပြီး ထိုသို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကြိုတင်အမိန့်ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၈၈ အရ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒေသန္တရအမိန့်ကို မြို့နယ်တရားရုံး၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ဖြန့်‌ဝေအသိပေးထားကြောင်း သတင်းရရှိသည်။

Facebook

သတင်း