မိုးနဲမြို့နယ်တွင် ရဲတပ်ဖွဲ့မှ ကျေးလက်အရောင်းဆိုင် တစ်ဆိုင်လျှင် ၂၅၀၀၀ကျပ် အဓမ္မငွေတောင်းယူ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြိုန့ယ်တွင် ရဲတပ်ကြပ်တစ်ဦးမှ နားခန်ကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ နှင့် ပန်အူကျေးရွာတွင်း ဖွင့်လှစ်ထားသည့် ကျေးလက်အ‌ရောင်းဆိုင်များအား အဓမ္မငွေတောင်းယူခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင်ဖြစ်ပွားခဲ့ပြီး ရဲတပ်ကြပ် မောင်နိုင်မှ မိုးနဲမြို့နယ် နားခန်ကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ နှင့် ပန်အူကျေးရွာရှိ ဒေသခံပြည်သူများဖွင့်လှစ်ထားသည့် ကျေးလက်အရောင်းဆိုင်များအား တစ်လလျှင် ၅၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ၊ ကြိုတင်ပေးဆောင်သည့်အနေဖြင့် ၅ လစာ (တစ်ဆိုင်လျှင် ၂၅၀၀၀ ကျပ်) ငွေတောင်းယူပေးရန်  ဝမ်ယေးကျေးရွာနေ စိုင်းထွန်းအောင်အား အဓမ္မစေခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ပန်အူကျေးရွာတွင် ကျေးလက်အရောင်းဆိုင် ၇ ဆိုင်ရှိပြီး ဝမ်ယေးကျေးရွာတွင် ကျေးလက်အရောင်းဆိုင်  ၈ ဆိုင်ရှိရာ နှစ်ရွာပေါင်းလျှင် ၁၅ ဆိုင်ရှိပြီး ငွေစုစုပေါင်း ၃၇၅၀၀၀ ကျပ် ပေးဆောင်ရခြင်းဖြစ်ကြောင်း နှင့် ငွေတောင်းယူသည့် အကြောင်းအရင်းလည်း ရှင်းလင်းပြောပြခြင်းမရှိကြောင်း ၊ ရဲတပ်ကြပ် မောင်နိုင် ပြောကြားချက်အရ ပန်အူကျေးရွာနှင့် ဝမ်ယေးကျေးရွာ နှစ်ရွာငွေကောက်ပြီးပါက နားခန်ကျေးရွာရှိ ကျေးလက်အရောင်းဆိုင်များထံသို့ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း  ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

၎င်းမှ ဆက်လက်၍ ယခုလက်ရှိအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်နှုန်း အရှိန်မြင့်တက်နေသဖြင့် အလုပ်အကိုင် ကောင်းကောင်းမလုပ်နိုင်သောကြောင့် မိမိတို့၏ စားဝတ်နေရေး ၊ ငွေရေးကြေးရေး အခက်အခဲကြုံတွေ့နေသည့်အချိန်မှာ ရဲတပ်ဖွဲ့မှလည်း အဓမ္မငွေလာတောင်းနေသဖြင့် ပို၍အခက်ကြုံနေရကြောင်း ပြောပြခဲ့ပါသည်။

ပြီးခဲ့သည့်  ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ တွင်လည်း  နယ်ထိန်းအရာရှိ ဒုရဲအုပ် နေလင်းဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့ လင်းခေးခရိုင် မိုင်းပန်မြို့နယ် ဟိုဖိုင်လုံကျေးရွာအုပ်စု (အ‌ရှေ့ကျေးရွာအုပ်စု) ဟိုဖိုင်လုံကျေးရွာရှိ ဒေသခံပြည်သူများ ဖွင့်လှစ်ထားသည့် နန်းခမ်းဝို ဆိုင်တွင် Myanmar Rum ၁ ပုလင်း၊ အရက် ၂ ပုလင်း၊ ဟုန်ဟောဘီယာ ၂ ပုလင်းနှင့် ဒဏ်ငွေ ၆၀,၀၀၀ ကျပ် ၊ နန်းပူးဆိုင် ဆိုင်တွင် ဘီယာ ၂ ဖာ ၊ အရက် ၂ ပုလင်း နှင့် ဒဏ်ငွေ ၅၀,၀၀၀ ကျပ်၊ စိုင်းပီး + နန်းနောင့်နိ ဇနီးမောင်နှံတို့၏ ဆိုင်တွင် ဒဂုံဘီယာ ၁ ဖာ ၊ အရက် ၁ ပုံး နှင့် ဒဏ်ငွေ ၅၀,၀၀၀ ကျပ် သိမ်းယူကောက်ခံခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီဖြစ်သည်။

Taifreedom

Facebook

သတင်း