မိုင်းပန်မြို့နယ်တွင် မြန်မာ့တပ်မတော်မှ ဒေသခံပြည်သူများအား အဓမ္မကျေးရွာရွှေ့ပြောင်းခိုင်း

ခေတ်အဆက်ဆက် နေထိုင်စားသောက် အသက်မွေးဝမ်းကျောင်းလာခဲ့ကြသည့် ၃ မိုင်ကျေးရွာ ရွာသူရွာသားများအား မြန်မာ့တပ်မတော် အမှတ် ၁၇ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်(စကခ-၁၇)မှ တပ်ပိုင်မြေဟုအကြောင်းပြကာ အဆိုပါကျေးရွာရွှေ့ပြောင်းပေးရန် အဓမ္မလက်မှတ်ရေးထိုးခိုင်းပြီး တစ်ကြိမ်လျှင် အိမ်ခြေအနည်းငယ်ဖြင့် တဖြေးဖြေးရွှေ့ပြောင်းစွန့်ခွာပေးခိုင်းကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု ၃ မိုင်ကျေးရွာတွင် နေထိုင်ကြသော ရွာသူရွာသားများအား မြန်မာ့တပ်မတော် စကခ-၁၇ မှ ၃ မိုင်ကျေးရွာသည် တပ်ပိုင်မြေပေါ်တွင်တည်ရှိသည်ဟု အကြောင်းပြပြီး ကျေးရွာရွှေ့ပြောင်းပေးရန် လက်မှတ်ရေးထိုးခိုင်းသော်လည်း ဗမာတိုင်းရင်းသားများ နှင့် ကျေးရွာဥက္ကဋ္ဌသာ သဘောတူလက်မှတ်ရေးထိုးပေးပြီး လီဆူးတိုင်းရင်းသားများမှာမူ လက်မှတ်ရေးထိုးပေးရန် ငြင်းဆန်ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။

‌ကျေးရွာရွေ့ပြောင်းရန် ရွာသူရွာသားအနည်းစုသာ လက်မှတ်ရေးထိုးပေးခြင်းဖြစ်သောကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စကခ-၁၇ မှ ရွာသူရွာသားများအား ဆွေးနွေးရန်အတွက် တပ်သို့ခေါ်ဆောင်သွားပြီး ကျေးရွာတွင်းနေထိုင်ဖို့ရန်အတွက် ၃ နှစ်သာ ထပ်မံနေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း  ၃ နှစ်အကြားတွင် နေထိုင်လိုသည့်နေရာအတွက် ဆွေးနွေးခိုင်းခဲ့ပြီး တစ်ကြိမ်ရွှေ့ပြောင်းလျှင် အိမ်ခြေအနည်းငယ်စီဖြင့် ရွှေ့ပြောင်းရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

အဆိုပါ စကခ-၁၇ မှ ကျေးရွာရွှေ့ပြောင်းခိုင်းသည့် ၃ မိုင်ကျေးရွာသည် မိုင်းပန်မြို့နှင့် ၃ မိုင်အကွာအဝေး မိုင်းပန်-တာဆန်း လမ်းမကြီးဘေးတွင်တည်ရှိပြီး အိမ်ခြေ ၄၅ အိမ်ခြေ နှင့် လူဦးရေစုစုပေါင်း ၂၇၀ ကျော် နေထိုင်ကြသည့် ရွာကြီးတစ်ရွာဖြစ်သည်။

ဤကိစ္စနှင့်ပတ်သက်၍ NCA သဘောတူစာချုပ်တွင် ပါရှိသည့် အပိုင်း ၃ အခန်း ၃ အပုဒ် ၉ (ဂ) ဒေသခံပြည်သူများကို အဓမ္မနေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်းမပြုလုပ်ရဆိုသည့်အချက်အား မြန်မာ့တပ်မတော်မှ တမင်ချိုးဖောက်ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။

Taifreedom

Facebook

သတင်း