မိုင်းပန်မြို့နယ်တွင် အစိုးရတပ်မတော်မှ RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် အစိုးရတပ်မတော်မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လက်နက်ကြီးများဖြင့် တစ်ဖက်သက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈:၂၀ နာရီခန့်တွင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာ အလှမ်းဝေးတနေရာတွင် တည်ရှိသည့် RCSS/SSA တပ်စခန်းအား အမှတ် ၅၇၅ ခြေမြန်တပ်ရင်း (ခမရ-၅၇၅) အင်းအား ၆၀ ခန့်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အချိန် ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိပါသည်။

ဤကိစ္စနှင့်ပတ်သက်၍ RCSS/SSA နယ်မြေခံအရာရှိတစ်ဦး၏ ပြောပြချက်အရ အစိုးရတပ်မတော် အင်းအား ၆၀ ခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကျေးရွာနှင့် အလှမ်းဝေးသော တောတွင်းတစ်နေရာဖြစ်ပွားကြောင်း သိရှိရသည်။

အဆိုပါ အမှတ် ၅၇၅ ခြေမြန်တပ်ရင်း (ခမရ-၅၇၅)သည် မိုင်းပန်မြို့နယ် နားလောအုပ်စု နောင်ပါမွန်ကျေးရွာတွင် အခြေစိုက်တပ်ရင်းဖြစ်ပြီး အမှတ် ၁၇ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ-၁၇)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ-ခိုလမ်)၏ လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင်  နံနက်ပိုင်းအချိန်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားပြီဖြစ်သော်လည်း ညနေ ၃:၁၉ နာရီခန့်တွင် အစိုးရတပ်မတော်မှ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ၆၀ မမ လက်နက်ကြီးများဖြင့် တစ်ဖက်သက် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အခန်း ၃ အပိုဒ် ၈ (ခ) တွင်ပါရှိသည့် တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်နယ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့်သွားလာရန် လိုအပ်လာပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန် ဟူသည့်အချက်အတိုင်း အစိုးရတပ်မတော်မှ RCSS/SSA ထံ သတင်းပေးပို့မှုမရှိပဲ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ လက်နက်ကိုင်ဆောင်၍ လှုပ်ရှားသွားလာသည့်အပြင် ငြိမ်းချမ်းရေးမလိုလားသည့် အသွင်ဖြင့် RCSS/SSA တပ်ဖွဲ့အပေါ်  ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် NCA စာချုပ်တွင် ပါရှိသည့် သဘောတူညီချက်အား အစိုးရတပ်မတော်မှ ချိုးဖောက်နေခြင်းဖြစ်ပါသည်။

Taifreedom

Facebook

သတင်း