မိုင်းနင်ဒေသခံများကို SSPP အစည်းအဝေးဆင့်ခေါ်ကာ ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးဆင့်ခေါ်ကာ မာရှယ်လောအသုံးပြုပြီး ကျေးရွာတွင်း ဝင်ထွက်သွားလာခြင်းကို ဟန့်တားကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ – လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်က ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့သည် မိုင်းနင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ကုန်းပျက်ကျေးရွာသို့ အစည်းအဝေး ဆင့်ခေါ်ပြီး ‌ဒေသခံများကို အလုပ်ချိန် နံနက် ၆ နာရီမှ ညနေ ၆ နာရီအချိန်မှလွဲပြီး ညအချိန် မာရှယ်လော အိမ်ပြင်မထွက်ရနှင့် ကျေးရွာတွင်းသို့ ဝင်ထွက်သွားလာမှုကို ဟန့်တားထားမည်ဖြစ်ကြောင်း၊ ညအချိန်ဝင်ထွက်သွားလာသူများကို တွေ့ရှိပါက SSPP/SSA တပ်သားအဖြစ်ရာသက်ပန်စုဆောင်းခြင်းခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည် ဟု ဆိုသည်။

ထို့ပြင် ဒေသတွင်း၌ တူမီးသေနတ် ကိုင်ဆောင်ခွင့်မရှိဘဲ စစ်ဆေးတွေ့ရှိပါက SSPP/SSA အဖွဲ့ထဲ ရာသက်ပန်စစ်မှုထမ်းရမည်၊ ရွာနီးနား တိုက်ပွဲ သို့မဟုတ် ပစ်ခတ်သံများထွက်လာပါက တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပစ်မည် နှင့် ပစ်ခတ်မှုများကြောင့် SSPP/SSA တပ်သားများ ကျဆုံးမှုရှိပါက ရွာသားများဘက်မှ ဆွမ်းသွပ်ကအစ တာဝန်ယူပေးရမည် စသည်ဖြင့် ရွာသားများကို အမိန့်ထုတ် ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

အစည်းအဝေးကို SSPP အဖွဲ့က မကြာခဏဆိုသလို ဆင့်ခေါ်လေ့ရှိပြီး ခြိမ်းခြောက်ခိုင်းစေမှုများပြုလုပ်ကာ သဲခင်း၊ ကျောက်ခင်း လမ်းများပြုပြင်ခိုင်းလေ့ရှိသလို စစ်မှုထမ်း၊ ရာသက်ပန်စစ်မှုထမ်း နှင့် ပြည်သူ့အမှုထမ်းဟုလည်း အမျိုးမျိုးဆင့်ခေါ်ခိုင်းစေနေသောကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း