မိုင်းတုံမြို့နယ်တွင် တပ်မတော်သားတစ်ဦးမှ သျှမ်းအမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် တပ်မတော်သားတစ်ဦးမှ တောင်ယာတွင်း နှမ်းရိပ်သိမ်းနေသည့် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်၌ အစိုးရတပ်မတော် အမှတ် ၂၇၇ ခြေလျင်တပ်ရင်း (ခလရ-၂၇၇) နှင့် အမှတ် ၁၃၃ ခြေလျင်တပ်ရင်း (ခလရ-၁၃၃) တို့ပူးပေါင်းပြီး  မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအုပ်စု မောက်စလီကျေးရွာအနီးရှိ တပ်မတော်ယာယီစစ်စခန်းမှ တပ်သား ဆန်းလင်းအောင်သည် နမ့်ကင်းချောင်းအနီးတွင် နှမ်းရိပ်သိမ်းနေသည့် မဲကင်းကျေးရွာနေ အသက် (၃၂) နှစ်ရှိ သျှမ်းအမျိုးသမီးတစ်ဦးအား တွေ့ရှိကာ အဓမ္မပြုကျင့်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးအနားသွား၍ ချောင်းမြောင်းကာ ချုံထဲဆွဲခေါ်စဥ် အဆိုပါ အမျိုးသမီးလည်း သူမနှင့်အတူ နှမ်းရိပ်သိမ်းနေသည့် သူမ၏‌ယောက်ဖထံ အော်ဟစ်အကူအညီတောင်းခဲ့ရာမှ ထိုတပ်သားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဒေသခံများဖမ်းဆီးရမိသည့် တပ်သား ဆန်းလင်းအောင်အား မိုင်းတုံမြို့နယ် စစ်ဗျူဟာမှူး ထံသို့ သွားရောက်တိုင်ကြားကာ ဖြစ်စဉ်အသေးစိတ်အား ပြောပြပြီးနောက် စစ်ဗျူဟာမှူးမှ “ငါတို့တပ်မတော်သားတွေဟာ ပြစ်ဒဏ်ပဲရှိတယ် လျော်ကြေးပေးဖို့ငွေတော့မရှိဘူး” ဟု ပြောကြားပြီး အဓမ္မပြုကျင့်ရန် ကြံစည်သည့်တပ်သားအား မိုင်းတုံမြို့နယ်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရသည်။

ပြစ်မှုကျူးလွန်သည့် တပ်သားအား ပြစ်ဒဏ်ပေးခြင်းရှိသော်လည်း ကျေးရွာအနီးတွင် တပ်မတော် ယာယီစစ်စခန်းချထားလျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိသလို ခံစားနေရကြောင်း တစ်ဖက်တွင်လည်း တပ်မတော်တပ်သားများ ဒေသခံပြည်သူများအပေါ် ဘယ်အချိန်မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မံကျူးလွန်မည်ကို မသိရှိရသဖြင့် လွန်စွာစိုးရိမ်နေမိကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တပ်သားတစ်ဦးသည် ဒေသခံ သျှမ်းအမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း